24/11/2024
ညီမ တစ်ယောက် ချက်ဘောက်ကနေ မေးလာတယ်။
သမီး လစာ တစ်လကို တစ်သိန်းခွဲရပါတယ်။ သမီးသူငယ်ချင်းတစ်ချို့က ငါးသိန်း။ တစ်ချို့က ဆယ်သိန်း ရနေလို့ သိမ်ငယ် ပြီး စိတ်ဓာတ်ကျ နေလို့ပါတဲ့။
လစာကောင်းတဲ့အလုပ်ရဖို့ အရည် အချင်းလည်း သူတို့လို မရှိသလို English လိုလည်း မကျွမ်းကျင်လို့ စိတ်ဓာတ်ကျပြီး အားငယ်နေလို့ပါတဲ့။
အခုနောက်ပိုင်းလူငယ်တွေရဲ့ စိတ်အားငယ်စရာ အချက်များစွာထဲက တစ်ခုပေါ့။ ပတ်ဝန်းကျင်က ရွယ်တူတွေနဲ့ compare လုပ်မိကြတာ။ ကိုယ်တွေလို လူကြီးတွေမှာလည်း ဒီကိစ္စမျိုးက ဖြစ်တတ်ပါတယ်။
ရွယ်တူတွေမှာဆိုရင် သူကတော့ အိမ်တွေ ခြံတွေကားတွေ ပိုင်နေပြီ။ ငါကတော့ ဝန်ထမ်းဘဝပဲရှိသေးတယ်ဆိုပြီး အားငယ်တာမျိုး။
ကိုယ်တိုင်လည်းဖြစ်ဖူးတယ်။ အသက် ၃၀ မှာ အကြွေးပေါင်းစုံနဲ့တိုင်ပတ်နေတဲ့အချိန် ရွယ်တူတစ်ချို့က အိမ်တွေကားတွေ စိန်တွေရွှေတွေ ဝယ်ပြီး မိသားစုတွေနဲ့ ပျော်နေတာမျိုးမြင်ရင် သိမ်ငယ်ခဲ့ဖူးပါတယ်။
လူဆိုတဲ့အမျိုးက ကို့ထက်သာရင် မနာလိုရင်လို မလိုရင် ကိုယ့်ဟာကို
သိမ်ငယ်တတ်တာ သဘာဝပါ။ ကိုယ်ကတော့ဘယ်သူကိုမှမနာလိုတာပြိုင်တာမရှိဘူးပေမယ်တခါတရံသိမ်ငယ်တတ်တယ်။အဓိကတော့စိတ်ထားတတ်ဖို့ပဲလိုတာ။ စိတ်ထားတတ်သွားရင် ဘယ်သူနဲ့မှ လိုက်မယှဥ်တော့ဘူး။
ခုနစကားပြန်ဆက်ရ ရင်..
လစာကောင်းကောင်းနဲ့ အလုပ် ရဖို့ကတော့ အရည်အချင်းလိုပါတယ်။
အလုပ်ပေးမယ့် သူကလည်း အရည် အချင်းနဲ့ လုပ်နိုင်စွမ်းကို ကြည့်ပြီး သူ့အတွက် အဆင်ပြေမှ လစာကောင်းပေးမှာပါ။
ဒါကတော့ လစာကောင်းကောင်းရဖို့အတွက် လိုအပ်ချက်ပေါ့။
အဲဒါကလည်း သင်တန်းတွေတက်ပြီး လုပ်ငန်းခွင်မှာ အတွေအကြုံဝင်ယူရင်းနဲ့ တတ်သွားမှာ ပါ။
သင်ယူချင်စိတ်ရယ် ကြိုးစားချင်စိတ်ရယ်ပဲ လိုအပ်တာပါ။ အဲဒါဆို ပိုကောင်းတဲ့အလုပ်နဲ့ လစာ ရလာမှာပါ။ ဘာမှမတတ်ပဲနဲ့တော့ လစာကောင်းမရနိုင်ပါဘူး။
သူငယ်ချင်းတွေရဲ့ လစာတွေ ပိုင်ဆိုင်မှုတွေနဲ့ ယှဥ်ပြီး သိမ်ငယ်တာကတော့ မဖြစ်ကြပါနဲ့။
သိမ်ငယ်စရာလည်း မလိုပါဘူး။
လူ့ ဝင်ငွေဆိုတာ သူလုပ်တဲ့ Profession ပေါ်မူတည်သွားတာ။
အခု ကမ္ဘာ့ဘုရင်လို့ ပြောလို့ရတဲ့ အမေရိကန် သမ္မတရဲ့လစာက တစ်နှစ်မှ ဒေါ်လာ ( ၄၀၀,၀၀၀) ပဲ။
ဒါက တစ်နှစ်လုံးလုပ်မှရတဲ့ လစာ။
ကမ္ဘာကျော်ဘောလုံးသမား စီရိုနယ်ဒို Al Nassr အသင်းမှာ ဘောလုံးကစားလို့ရတဲ့ လစာက တစ်နှစ်ကို ဒေါ်လာ (၂၁၅) သန်းရတယ်။
အဆပေါင်း ( ၅၃၇ ) ဆ ကွာတယ်။
သမ္မတ နဲ့ ဘောလုံးသမားရဲ့ ဝင်ငွေ ကွာခြားချက်ပါ။
ဘယ်သမ္မတမှလည်း ဘောလုံးသမားလို ဝင်ငွေမကောင်းလို့ အားငယ်နေမှာမဟုတ်ပါဘူး။
သူ့နေရာနဲ့ သူ။ သူ့နယ်ပယ်နဲ့သူပါ။
နိုင်ငံရေး စီးပွားရေးအတွက် သမ္မတက တန်ဖိုးရှိပေမယ့် ကမ္ဘာဖလားအတွက် ဘောလုံးသမားက ပိုတန်ဖိုးရှိပါတယ်။
သူတို့တန်ဖိုးကို သူတို့ ပတ်ဝန်းကျင်က နယ်ပယ်ကလူတွေကသတ်မှတ်သွားကြတာပါ။ သူနေရာနဲ့သူပါ။
သူ့တန်ဖိုးနဲ့သူပါ။ ဒီလိုပဲ အဲဒီ သမ္မတနဲ့ ဘောလုံးသမားကို လေယာဥ်သွားမောင်းခိုင်းလို့မရသလို သိုးမွှေးအင်းကျီ လေးတွေ သွားထိုးခိုင်းလို့လည်း ထိုးတတ်မှာ မဟုတ်ပါဘူး။
သူ့ ပညာနဲ့သူပါ။ သူ့တန်ဖိုးနဲ့သူပါ။ သူ့နေရာနဲ့သူ တန်ဖိုးရှိကြတာပါ။
လူ့တန်ဖိုးက ရတဲ့ဝင်ငွေ လစာပေါ်မှာ မူတည်တာ မဟုတ်ပါဘူး။
ရိုနယ်ဒိုရဲ့ပိုင်ဆိုင်မှု အကုန်ပေါင်းလို့ ဒေါ်လာ သန်း ၅၀၀ ပဲရှိပေမယ့် ကမ္ဘာ ကိုကင်းလောကရဲ့ ဘုရင်ကြီး ပါဘလို အက်စကိုးဘား ရဲ့ပိုင်ဆိုင်မှုက သူသေဆုံးချိန်မှာ ဒေါ်လာ ဘီလျံ (၇၀) ရှိပါတယ်။ အဆပေါင်းများစွာ ကွာပါတယ်။
ဒါပေမယ့်ကောင်းတဲ့နည်းနဲ့ရလာတဲ့ငွေမဟုတ်လို့ နာမည်ဆိုးနဲ့ပဲကျော်ကြားတာပါ။ သူ့ကြောင့် လူသန်းနဲ့ချီ မူးယစ်ဆေးကြောင့်ဘဝပျက်ခဲ့ရတယ်။ ကမ္ဘာနိုင်ငံအသီးသီးက လူတွေက သူ့ကို ရွံကြတယ်။ သူ့ကြောင့် ဘဝပျက်သွားတဲ့ မိသားစုဝင် သန်းနဲ့ချီက သူ့ကို ရွံကြတယ်။ ငွေရှိပေမယ့် ဂုဏ်သိက္ခာမရှိတဲ့သူလို့ သတ်မှတ်ကြတယ်။
ဒါကြောင့် ငွေဘယ်လောက်ရှိနေလဲ။ ငွေဘယ်လောက်ဝင်နေလဲဆိုတာထက် ငွေဘယ်လိုရှာနေလဲက သိပ်အရေးကြီးပါတယ်။
ဘယ်လောက်ရနေရနေ ကိုယ်ရှာတဲ့ငွေတွေထဲမှာ သူများမျက်ရည်တွေ ။ သူများ အသက်တွေ မပါနေသရွေ့ ဘာမှ ရှက်စရာမရှိပါဘူး။
ခိုးဝှက်ပြီးကျိကျိတက် ချမ်းသာနေတဲ့လူ က လမ်းဘေးစျေးသည်လေး ထက်ပိုတန်ဖိုးရှိမနေပါဘူး။
လူလူချင်းအတူတူပါပဲ။ ငွေပိုရှိလို့ တန်ဖိုးပိုရှိတာမဟုတ်ပါဘူး။
ငွေပိုရှိလို့ ငွေပိုသုံးနိုင်သွားတာပါ။ တန်ဖိုးကြီးနေရာတွေမှာ သွားနိုင်။ နေနိုင်။ စားနိုင်တာပါ။
ငွေသိပ်မရှိတဲ့ လူတွေထက် ပိုတန်ဖိုးရှိနေတာမဟုတ်ပါဘူး။
လူ့တန်ဖိုးက ငွေပေါ် မမူတည်ပါဘူး။ လူ့တန်ဖိုးက သူရှိနေလို့ သူ့ပတ်ဝန်းကျင် မှာ ဘယ်လောက်အထောက်အကူပြုနေလဲ။ သူရှိနေလို့ သူ့အရပ်အဝန်းလေးဘယ်လောက် အဆင်ပြေသွားလဲ။
သူမရှိရင် သူ့ပတ်ဝန်းကျင်မှာ ဘာတွေဆုတ်ယုတ်သွားနိုင်လဲ ဆိုတာ နဲ့ တွက်ချက်ရတာပါ။
ပိုက်ဆံတွေအများကြီးရှိနေပြီး ပါဘလိုအက်စကိုးဘားလို သူ့ပတ်ဝန်းကျင်နဲ့ လူပေါင်းများစွာကို အဆိပ်အတောက် ဖြစ်စေတဲ့ သူမျိုးဆို တန်ဖိုးမရှိပါဘူး။
သူ့ မိသားစုနဲ့ အမျိုးတွေလောက်တော့ တန်ဖိုးရှိတယ်ထင်ကြပေမယ့် လူ့အဖွဲ့အစည်း အသိုင်းအဝိုင်းအတွက် တော့ ဆန်ကုန်မြေလေး အမှိုက်တစ်စပါ။
သူ့လို မပြည့်စုံကြ ပေမယ့် ပရဟိတလေးတွေမှာ ကားမောင်းပေးတဲ့သူတို့။ နာရေးကူညီမှုအသင်းမှာ Dead body တွေ သယ်ပေးပြီး လုပ်အားပေးနေ တဲ့သူတို့။
မီးလောင်နေတဲ့နေရာမှာ လူ့အသက် ကယ်ပေးနေတဲ့ မီးသတ်သမားတို့က ပတ်ဝန်းကျင်အတွက် အများကြီး ပိုတန်ဖိုးရှိပါတယ်။
လမ်းမှာ အမှိုက်တွေပွနေလို့ တာဝန်သိသိနဲ့ ရှင်းပေးနေတဲ့သူက တန်ဖိုးပိုရှိပါတယ်။
ဒါကမှ တစ်ကယ့် တန်ဖိုးရှိတဲ့လူတွေပါ။ သူ့ပတ်ဝန်းကျင်ကိုအကျိုးမပြုရင်တောင် ဒုက္ခမပေးတဲ့သူက တန်ဖိုးရှိနေတဲ့လူပါ။
ငွေပေါ်မမူတည်ပါဘူး။ အသက်ရှင်နေထိုင်ဖို့ ငွေလိုအပ်ပါတယ်။ ငွေရှိတာကောင်းပါတယ်။
ငွေသိပ်မရှာနိုင်လို့ တန်ဖိုးမဲ့ မနေသလို ငွေအရမ်းရှာနိုင်လို့ တန်ဖိုးပိုရှိမနေပါဘူး။
လူ့တန်ဖိုးက ငွေပေါ်မှာမမူတည်ပါဘူး။ လူလူချင်းစာနာတတ်ဖို့ရယ် ပတ်ဝန်းကျင်ကို ဘယ်လောက်အကျိုးပြုနေလဲ နဲ့ဆုံးဖြတ်ကြတာပါ။
ဒါကြောင့် အခု လစာနည်းတယ်။ သူများလောက်မရှာနိုင်ဘူး။ မနည်းရုန်းကန်နေရတယ်ဆိုပြီး မသိမ်ငယ်နဲ့။
အားငယ်စရာမလိုဘူး။ ကိုယ့်ထက်ချမ်းသာတဲ့သူတွေ့ရင် အရမ်း သိမ်ငယ်နှိမ့်ချပြီး မဆက်ဆံပါနဲ့။ လူလူချင်းအတူတူပဲလို့တွေးပါ။ Respect ပေးပါ။
မိမိကိုယ်ကို နှိမ့်ချပါ ဒါပေမယ့် အောက်မကျို့ပါနဲ့။
Respect နဲ့ ဆက်ဆံပါ။ မရိုင်းစိုင်းမိပါစေနဲ့။
ပတ်ဝန်းကျင်ကို တတ်နိုင်သလောက်အကျိုးပြုပါ။ ဘဝတိုးတက်နေဖို့ တစ်ခုမဟုတ်တစ်ခုသင်ယူနေပါ။
အချိန်တစ်ခုရောက်သွားရင် ငွေပိုရှာနိုင်လာပါလိမ့်မယ်။ လူတိုင်းက သူ့အချိန်နဲ့သူ အဆင်ပြေလာကြတာပါ။
အဆင်ပြေသွားတဲ့အခါကျရင်လည်း ကိုယ့်ထက် ဝင်ငွေနည်းပါးတဲ့သူတွေအပေါ်မှာ မောက်မောက်မာမာ မဆက်ဆံမိဖို့သတိသွင်းပေါ့။
ပိုလျှံတဲ့အခါ ပတ်ဝန်းကျင်အသိုင်းအဝိုင်းကို အကျိုးပြုပြီး သာ၍ တန်ဖိုးရှိတဲ့ လူ တစ်ယောက် ဖြစ်ဖို့ ကြိုးစားပါ။
စိတ်ဓာတ်မကျနဲ့။ လူတန်ဖိုးက လစာ ဝင်ငွေ နဲ့ ပိုင်ဆိုင်မှု မဟုတ်ဘူး။
လူ့ပတ်ဝန်းကျင်ကို ဒုက္ခမပေးတဲ့သူက တန်ဖိုးရှိတဲ့လူပါ။ ဒုက္ခမပေးတဲ့အပြင် လူ့ပတ်ဝန်းကျင်ကို တစ်နည်းနည်းနဲ့ အကျိုးပြုနေတဲ့သူကသာ၍ တန်ဖိုး ရှိတဲ့လူ ပါ။
#ဆံသားဗဟုသုတအဖြာဖြာ