08/05/2023
နောင်တရစရာမရှိတဲ့ဘ၀တစ်ခုကို ပိုင်ဆိုင်ဖို့ ရွေးချယ်ပါ။
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
ဘယ်နယ်ပယ်မှာမဆို အောင်မြင်မှုနဲ့ ပတ်သက်ပြီး တစ်ယောက်နဲ့တစ်ယောက်အဓိပ္ပာယ်ဖွင့်ဆိုမှုမတူနိုင်ပါဘူး။ ယေဘုယျအားဖြင့် တိုးတက်ပြောင်းလဲမှုတွေကို လိုချင်ကြတယ်ဆိုပေမယ့် လူတစ်ယောက်ချင်းမှာ မတူညီတဲ့လိုလားချက်တွေ ရှိနိုင်ပါတယ်။ အဲဒါကြောင့် ကိုယ့်ရဲ့ အောင်မြင်မှုနဲ့ သက်ဆိုင်တဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက် (Definition) ကို ကိုယ့်ဘာကိုယ်ပဲ ဖွင့်ဆိုရမယ်။
John C. Maxwell ကတော့ ကိုယ့်ရည်ရွယ်ချက် (Purpose) ကိုသိဖို့၊ ကိုယ့်ရဲ့အလားအလာ (Potential) အမြင့်ဆုံးအထိ တိုးတက်ဖို့နဲ့ အခြားသူတွေအတွက် အထောက်အပံ့ဖြစ်စေတဲ့ မျိုးစေ့တွေကို ချန်ထားခဲ့ဖို့ဖြစ်တယ်လို့ အဓိပ္ပာယ်ဖွင့်ပါတယ်။ ဘ၀မှာ ကိုယ်ဘယ်ကိုသွားချင်တာလဲ၊ ဘယ်ကိုဦးတည်ပြီးသွားချင်တာလဲဆိုတာကို သေသေချာချာ စဉ်းစားဖို့ လိုတယ်။ ပြီးရင် ကိုယ်သတ်မှတ်လိုက်တဲ့ ပန်းတိုင် (Goal) တွေ၊ အိပ်မက် (Dream) တွေက ကိုယ့်ကို ကိုယ်လိုချင်တဲ့အရာတွေကို ရရှိစေတာသေချာဖို့လိုတယ်။
တကယ့်အောင်မြင်မှု (Success) ဆိုတာ တစ်ကြိမ်တစ်ခါရတာကို ဆိုလိုတာမဟုတ်ဘဲ စဉ်ဆက်မပြတ်ကြိုးစားရတဲ့ လုပ်ငန်းစဉ် (Process) ဖြစ်တယ်။ တခြားသူတွေကို အပြစ်တင်မယ့်အစား ကိုယ့်ရဲ့စိတ်နေသဘောထား (Attitude) တွေနဲ့ ပတ်သက်ပြီး ကိုယ့်ဘာကိုယ်တာဝန်ယူဖို့တွေကို သင်ယူပါ။ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာပန်းတိုင်တွေနဲ့ အောင်မြင်မှုပုံရိပ်တွေကို သတ်မှတ်မယ့် ရှင်းလင်းတဲ့ ခံယူချက်တာဝန် (Mission Statement) တွေကို ဖန်တီးပါ။
အောင်မြင်တဲ့ဘ၀တစ်ခုကို ပိုင်ဆိုင်ဖို့ဆိုရင် ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုးတိုးတက်မှု (Personal Growth) ကို စဉ်ဆက်မပြတ်အာရုံစိုက်ဖို့ အရေးကြီးတယ်။ ကြောက်စိတ် (Fear) တွေကို ရင်ဆိုင်ပြီး ရှုံးနိမ့်မှု (Failure) တွေကို အောင်မြင်မှုကို ရရှိစေမယ့် တွန်းအားတွေအဖြစ် အသုံးပြုရမယ်။ တိုင်းတာမှုမရှိရင် တိုးတက်မှုကို မသိနိုင်တဲ့အတွက် ကိုယ်လိုချင်တဲ့ရလဒ်တွေကို ဖန်တီးရာမှာ ရရှိလာတဲ့တိုးတက်မှု (Progress) တွေကို မှတ်သားထားရမယ်။ ကိုယ့်ရဲ့ အောင်မြင်မှုဟာ အခြားသူတွေကို မထိခိုက်စေဖို့ကိုလည်း အထူးအလေးထားဖို့လိုတယ်။
ခိုင်မာတဲ့မိသားစုဘ၀ကို ဖန်တီးရမယ်၊ အဲဒါဟာ ကိုယ့်ရဲ့အောင်မြင်မှုခရီးစဉ်ကို ပိုပြီး စိတ်ချမ်းသာစေနိုင်တယ်။ ကိုယ်ကြည်ညိုလေးစားပြီး ကိုယ့်အတွက်အားဖြစ်စေမယ့် ပုဂ္ဂိုလ်တွေနဲ့ ကိုယ့်ကိုယ်ကိုယ် ဝန်းရံထားရမယ်။ အရေးကြီးတာကတော့ ကိုယ့်ရဲ့ တိုးတက်မှုကို မြန်နှုန်းမြှင့်စေနိုင်ဖို့အတွက် Professional Coach တွေ၊ Expert တွေရဲ့ အကူအညီကို ရယူရမယ်။ ကိုယ့်ပတ်ဝန်းကျင်ကလူတွေကိုလည်း သူတို့ရဲ့လိုလားချက်တွေ ရရှိလာအောင် ကူညီပေးဖို့အတွက် Coaching လုပ်ပေးနိုင်ရမယ်။
Naing Win Aung (CEO Coach & NLP Master Trainer)