06/04/2024
အိမ်က သားသားမီးမီးတို့ကို ဟိုဟိုဒီဒီ လိုက်ပို့ချင်သူများအတွက် အရင် တနင်ဂနွေ မှာ မိသားစုလိုက် တိရစ္ဆာန်ဥယျာဥ် သွားခဲ့တာလေးဝေမျှချင်လို့ပါ။
အသွားအလာ
Sunday မနက်ပိုင်း ကားသိပ်မပိတ်ပါ။ zoo ကို ၁၀နာရီကျော်လောက်ရောက်ပါတယ်။ ပါကင်နေရာ သိပ်မရှိတော့ပါ။ သစ်ပင်အောက်လို နေရာကောင်းမျိုးလိုချင် စောစောသွားသင့်ပါတယ်။ ကျွန်မတို့ပြန်တဲ့ နေ့လည် ၁၂ခွဲမှာ
ပါကင်နေရာမရှိလို့ တန်းစီနေတဲ့ကားတွေ အများကြီးပါ။ ပါကင်ခ ၂၀၀၀ ပါ။
ဝင်ကြေးက လူကြီး ၂၅၀၀ ကလေး ၁၅၀၀ ပါ။ zoo ထဲမှာ အပင်တွေများပြီး အရိပ်ရှိ ပေမဲ့ ရာသီဥတုပူလို့ သိပ်မအေးပါ။ Royal D က မြေပုံလေးတွေအခမဲ့ဝေပါတယ်။ အသုံးဝင်လို့ အရင်သွားယူသင့်ပါတယ် ။ နောက်ကျောမှာ ကလေးဉာဏ်စမ်းလေးတွေပါပါတယ်။ အောက်မှာ ပုံပြထားပါတယ်။
ကားပါရင် ပစ္စည်းအများကြီး မသယ်ပါနဲ့ ၊ တက်လိုက်ဆင်းလိုက်မို့ ပင်ပန်းပါတယ်။ ကြည့်စရာတွေကို မြေပုံကြည့်ပြီး ဘယ်ကစ ဘယ်နေရာဝင် အပြန် ဘယ်ဘက်ကပြန်မယ် စသဖြင့် ကြို စီစဥ်နိုင်ရင် ပင်ပန်းတာ သက်သာပါမယ်။
တိရစ္ဆာန်တွေကို အပြင်စာယူကျွေးလို့မရပါ။ အထဲမှာ ရောင်းပါတယ်။ ရေမြင်းအတွက် ကန်ဇွန်းရွက်ဆို တခါဝယ် ၂၀၀၀ ၊ ဆင်ဖို့ ဖရဲသီး ၂၀၀၀ စသဖြင့် ဝယ်နိုင်ပါတယ်။
ကစားကွင်း အသေးလေးရှိပါတယ်။ တစ်နာရီ ၃၀၀၀ ပါ။ zooထဲမှာ ဆိုင်တွေရှိလို့ အအေးသောက် မုန့်စား လုပ်လို့ရပါတယ်။ ဈေးတော့နည်းနည်းကြီးတာပေါ့။ ပူလွန်းလို့ ကလေးတွေ သေချာပေါက် ရေငတ်ပါတယ်။ Royal D က Booth တွေနဲ့ ရောင်းပေးပါတယ် ။ အပြင်နဲ့ ဈေးမကွာပါ။ ၃ဗူး ၄ဗူး ဝယ်ရင် ကံစမ်းမဲနှိုက်လို့ရပါတယ်။ ကြံရည် တစ်ခွက် ၁၅၀၀ ပါ။ ရေငတ်ပြေ ချိုချိုအေးအေးမို့ တန်ပါတယ်။ ရေခဲမုန့်ကတော့ ကလေးတွေ အကြိုက်ပါ။ ဝေဖာကန်တော့နဲ့ တစ်ဇွန်း ( one scoop) ပဲပါတာ ၁၅၀၀ မို့ ဈေးနည်းနည်းများတယ် ထင်ရ ။
လမ်းမလျှောက်ချင် Buggy ဘက်ဂီ ကားလေးတွေရှိပါတယ်။ လူ ၁၀ ယောက်ဆန့်ပြီး နာရီဝက်ကို တစ်စီး တစ်သောင်းပါ။ လမ်းမလျှောက်နိုင်ရင် စီးသင့်ပါတယ်။
ကလေးတွေအတွက် တိရစ္ဆာန် အစာ ကျွေးတာ သူတို့စိတ်ဝင်စားပါတယ်။ ရေမြင်း၊ ဆင်နဲ့ ဖျံတွေကို ကျွေးလို့ရပါတယ်။ ပူလို့ အအေးတို့ ရေခဲမုန့်တို့ ခဏ ခဏ ပူဆာပါတယ်။ အိမ်က ၃နှစ်သားကတော့ လမ်းကြာကြာမလျှောက်နိုင်ပါ။ လူကြီးတွေကိုချီခိုင်းပါတယ် ။ ဒါ့ကြောင့် ပစ္စည်းတွေ သိပ်မသယ်ဖို့ အကြံပြုတာပါ။ Wet Tissue နဲ့ တစ်ရှုးအခြောက်၊ ရေဗူး ပဲလိုပါတယ်။
တချို့လဲ အခင်းတွေယူလာပြီး အထဲမှာ အေးတဲ့နေရာရှာပြီး နေ့လည်စာယူလာပြီး စားကြပါတယ်။ အပြန်မှ အဲ့ကွန်းရတဲ့ဆိုင် ရှာစားလဲရပါတယ်။ အဆာပြေ မုန့်လေးတွေ ယူလာလို့ပေါ့။ ပူလွန်းလို့ ရွှေတိဂုံဘုရား မသွားလိုက်နိုင်ပါ။ မနက်အစော လာပြီး ဘုရားအရင်ဝင် ပြီးမှ zoo ဝင်ရင် ၂ နေရာ ရပါတယ်။
အကောင်ပလောင်ကတော့ အောက်က မြေပုံမှာ ရေးထားတဲ့ အကောင်တွေ အကုန်ရှိပါတယ်။ ဆင်ကြီး မိုမိုလဲရှိပါတယ်။ အသက်ကြီးပြီ အိုနေလို တစ်ကောင်ထဲ သပ်သပ်ခွဲထားတာ သနားစရာကြီးပါ။
ဆင်ရုံရှေ့မှာ ဘတ္ထရီကားစီးတဲ့ ကွင်းလေးရှိပါတယ်။ ၁၀ မိနစ် ၅၀၀၀ ပါ။ မိဘက remote control နဲ့ ထိန်းပေးရပါတယ်။ မထိန်းတက်ရင် သူတို့ ဝန်ထမ်းက မောင်းပေးပါတယ်။ ကြံရည်လဲ အဲ့ဒီ့နားမှာ ဝယ်လို့ရပါတယ်။
အိမ်က ကလေးကတော့ ရေမြင်း၊ ဆင်၊ သမင်၊ ကျားဖြူ၊ မိကျောင်း ၊ ဝက်ဝံ၊ မျောက်၊ ကုလားအုပ် တွေကို တော်တော် စိတ်ဝင်စား ပါတယ်။
ပုံတွေမှာ အပေါ် ၃ ပုံက Google က ယူထားတာ ။ ကလေးတဖက်နဲ့မို့ ပုံအများကြီး မရိုက်ခဲ့ရဘူး။