My Baby Delight

My Baby Delight Japanused babystroller and baby goods

୧⍤⃝💐ကလေးလေးတွေဟာ ပန်းကလေးတွေလိုပဲဆိုရင် ပန်းကလေး လှလှပပပွင့်လန်းဖို့ ဘာတွေပံ့ပိုးပေးဖို့လိုအပ်သလဲ။မေမေ့ဆီက ယုံကြည်မှုစွမ...
08/08/2025

୧⍤⃝💐ကလေးလေးတွေဟာ ပန်းကလေးတွေလိုပဲဆိုရင် ပန်းကလေး လှလှပပပွင့်လန်းဖို့ ဘာတွေပံ့ပိုးပေးဖို့လိုအပ်သလဲ။

မေမေ့ဆီက ယုံကြည်မှုစွမ်းအား၊မိုးဖွဲလေးတွေလိုညင်သာနူးညံ့တဲ့ စကားလေးတွေ၊နွေးထွေးတဲ့အပြုံးလေးတွေကိုရတဲ့ ကလေးလေးတွေဟာ ပန်းကလေးတွေလိုပဲ လှလှပပ ပွင့်လန်းနိုင်ပါတယ်။

1.𝐒𝐮𝐧𝐬𝐡𝐢𝐧𝐞

ကလေးတစ်‌ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးဖို့ဆိုရင် နေရောင်ခြည်လိုပဲ နွေးထွေးတဲ့ ချစ်ခြင်းမေတ္တာနဲ့စိတ်လုံခြုံမှု လိုအပ်ပါတယ်။

2.𝐅𝐫𝐞𝐬𝐡 𝐚𝐢𝐫

ကလေးတို့အတွက် နေ့နေ့၊ညည ချစ်ခြင်းမေတ္တာတွေ ဂရုစိုက်မှုတွေနဲ့ပြည့်နေတဲ့ အိမ်ရဲ့အငွေ့အသက် တည်ရှိမှုကို ဆိုလိုပါတယ်။

3.𝐅𝐫𝐞𝐬𝐡 𝐖𝐚𝐭𝐞𝐫

ကလေးတွေရဲ့သင်ယူမှုမှာ breaking points ဆိုတာ ရှိပါတယ်။ပန်းပင်လေးတွေကို ရေလောင်းပေးရင် လန်းဆန်းလာသလို ကလေးတို့ရဲ့ စိတ်နဲ့ခန္ဓာကိုယ်ကိုလည်း မကြာခဏ အနားယူခွင့်ပေးပြီး စိတ်ပေါ့ပါးစွာ နေစေမယ်ဆိုရင် လန်းဆန်းတက်ကြွပြီး သင်ယူချင်စိတ်အပြည့်ရှိတဲ့ ကလေးလေးတွေ ဖြစ်လာမှာပါ။

4. 𝐍𝐮𝐭𝐫𝐢𝐞𝐧𝐭-𝐑𝐢𝐜𝐡 𝐒𝐨𝐢𝐥

ပန်းပင်လေးတွေကို မြေဩဇာကျွေးဖို့လိုအပ်သလို ကလေးတို့ရဲ့ စူးစမ်းသင်ယူချင်စိတ်ကို တိုးပွားစေဖို့အတွက် စာဖတ်တဲ့အကျင့်ကို ပျိုးထောင်ပေးပြီး စာအုပ်တွေဝယ်ပေးထားသင့်ပါတယ်။

6. 𝐂𝐨𝐧𝐭𝐢𝐧𝐮𝐚𝐥 𝐖𝐞𝐞𝐝𝐢𝐧𝐠

ကလေးတို့ရဲ့ ဖြစ်ချင်တဲ့ဆန္ဒနဲ့ရွေးချယ်မှုက ကလေးအတွက်မသင့်တော်ဘူးထင်လို့ မကြိုက်ဘူးဆိုရင်တောင် အကောင်းဘက်က တွေးပေးပြီး အကျိုးရှိမယ့် အခြားရွေးချယ်မှုကို အကြံပြုပေးလို့ ရပါတယ်။
ကလေးက လက်မခံရင် ဘာကြောင့်ဆိုတာ အဖြေရှာပြီး ကလေးလက်ခံလာအောင် စိတ်ရှည်ရှည်နဲ့ ဆက်ကြိုးစားရမှာပါ။
ဒါဟာ ကလေးအနာဂါတ်ကောင်းဖို့အတွက် မလိုလားအပ်တဲ့ အရာတွေကို ပေါင်းမြက်တွေရှင်းသလို ရှင်းထုတ်ပေးပြီး အကျိုးရှိတာကို လမ်းပြ‌ပေးခြင်းပဲဖြစ်ပါတယ်။

🌱🌸အချိန်တန်လို့ ကိုယ့်မျက်စိ‌ရှေ့တင် အပင်လေးကြီးထွားရှင်သန်လာတဲ့အခါ ပန်းပွင့်တွေ ဝေဝေဆာဆာနဲ့ သူ့ပတ်ဝန်းကျင်နဲ့ကမ္ဘာကြီးကို လှပစေပြီး ဘယ်လိုသန်သန်မာမာရှင်သန်မလဲဆိုတာကို စောင့်ကြည့်ရတာကိုက မိဘတွေရဲ့ ပီတိပါပဲ။

👍ကလေးပြုစုပျိုးထောင်ရတာ မလွယ်ကူပေမယ့် ခက်ခဲလွန်းလှတယ်လည်း မဟုတ်ပါဘူး။ဒီလိုရိုးရှင်းတဲ့ အခြေခံအချက်လေးတွေကိုသာ ဂရုတစိုက်ကျင့်သုံးပါ။

💯ကလေးတို့ကို တန်ဖိုးထားတဲ့ မိဘတွေနဲ့သာ ကလေးဘဝကတည်းက ပျော်စရာတွေနဲ့ပြည့်နေရင် မျိုးစေ့လေးက‌နေ ပန်းပွင့်တွေ ဝေဆာနေတဲ့ ရှင်သန်ကြီးထွားတဲ့အပင်ကြီးဖြစ်လာသလို လူ့ပတ်ဝန်းကျင်ကို အကျိုးပြုမယ့် အောင်မြင်ပျော်ရွှင်တဲ့ လူသားကလေးဖြစ်လာမှာပါ။

ဖေဖေ၊မေမေတို့ရဲ့ အိမ်မှာရော ဘယ်လိုလှပတဲ့ ပန်းကလေးတွေပွင့်နေလဲ။

Angel

❝World Children’s Day❞🇺🇳1954 ခုနှစ်မှာ ကုလသမဂ္ဂ (UN) က သတ်မှတ်ထားခဲ့တဲ့ ကမ္ဘာ့ကလေးများနေ့ဟာ ကမ္ဘာပေါ်ရှိ ကလေးများအားလုံး...
20/11/2024

❝World Children’s Day❞

🇺🇳1954 ခုနှစ်မှာ ကုလသမဂ္ဂ (UN) က သတ်မှတ်ထားခဲ့တဲ့ ကမ္ဘာ့ကလေးများနေ့ဟာ ကမ္ဘာပေါ်ရှိ ကလေးများအားလုံးရဲ့ အခြေခံအခွင့်အရေးနဲ့ ကောင်းမွန်တဲ့အနာဂတ်ကို ဖန်တီးပေးနိုင်ဖို့ လူမှုအဖွဲ့အစည်းကို တိုက်တွန်းနှိုးဆော်တဲ့နေ့ဖြစ်ပါတယ်။

🧒🏻ကလေးငယ်‌တွေကို ပျိုးထောင်ခြင်းဆိုတာ ကျွေးမွေးပြုစုတာထက်ပိုတဲ့
🌱ချစ်ခြင်းမေတ္တာပေးခြင်း
🌱စိတ်ရှည်၊ နားလည်မှုပေးခြင်း
🌱စိတ်ရောကိုယ်ပါကျန်းမာဖွံ့ဖြိုးဖို့ နည်းမှန်လမ်းမှန်ပြုစုပျိုး‌ထောင်ပေးခြင်းနဲ့
🌱ပညာရေးအခွင့်အလမ်းများ ပံ့ပိုးပေးနိုင်ခြင်းတို့ ပါဝင်ပါတယ်။

ဒီလိုပျိုးထောင်နည်းတွေကသာ ကလေးတို့ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ခန္ဓာကိုယ်ကို ကောင်းကောင်းဖွံ့ဖြိုးကြီးထွားစေမှာဖြစ်ပါတယ်။

ကလေးတို့အတွက် လုံခြုံနွေးထွေးပြီး ထောက်ပံ့မှုအပြည့်ရှိတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးဖို့က မိဘတွေနဲ့ လူမှုအသိုင်းအဝိုင်းအားလုံးရဲ့ တာဝန်ပဲဖြစ်ပါတယ်။

🌈ကလေးတို့အားလုံးဟာ အနာဂတ်ရဲ့ဖန်ဆင်းရှင်လေးများဖြစ်ပါတယ်။

Angel

🤷🏻‍♀️အခြားသူတွေ‌အပေါ် ကောင်းကောင်းဆက်ဆံသလောက် မိမိကလေးကိုတော့ ဘာကြောင့် ငေါက်ဆတ်ဆတ်ပြောနေမိတာလဲ???ကျမအပါအဝင် မေမေတွေအမျာ...
18/10/2024

🤷🏻‍♀️အခြားသူတွေ‌အပေါ် ကောင်းကောင်းဆက်ဆံသလောက် မိမိကလေးကိုတော့ ဘာကြောင့် ငေါက်ဆတ်ဆတ်ပြောနေမိတာလဲ???

ကျမအပါအဝင် မေမေတွေအများစုဟာ မိသားစုပြင်ပကသူတွေနဲ့ ဆက်ဆံပြောဆိုတဲ့အခါ ချိုချိုသာသာပြောနိုင်ပြီး မိသားစုဝင်တွေ အထူးသဖြင့် ကိုယ့်ကလေးကိုတော့ တိုပြတ်ပြတ်ပြောမိတဲ့အချိန်တွေရှိပါတယ်။

◾ကျမအတွေ့အကြုံအရပြောရရင် ပထမဆုံးအချက်က ရင်းနှီးမှုနဲ့ သက်သောင့်သက်သာဖြစ်မှုကြောင့်ပါ။
မိသားစုဝင်တွေနဲ့ ကိုယ်ရဲ့ကလေးက ကိုယ့်ကို ဘာမျှော်ကိုးမှုမှမပါပဲ ချစ်တယ်ဆိုတာ သိတာကြောင့် ကျမတို့ရဲ့ စိတ်မရှည်မှုတွေ ဒေါသတွေကို ထိန်းချုပ်စရာမလိုပဲ အရှိအတိုင်းဆက်ဆံပြောဆိုလို့ရတယ်ဆိုတာ ယုံကြည်လို့ပါ။

လူမှုဆက်ဆံရေးမှာတော့ social expectation ဆိုတာ ရှိတာကြောင့် ကိုယ့်ကိုဝေဖန်ပြောဆိုခံရမှာစိုးရိမ်လို့ အရှိအတိုင်း မဆက်ဆံရဲပဲ ဒေါသထွက်နေရင်‌တောင် ကောင်းကောင်းမွန်မွန်ပဲ ပြောဆိုမိတာမျိုး ကြုံဖူးကြမှာပါ။

လူတွေက ကိုယ့်အပေါ်ဘယ်လိုမြင်မလဲဆိုတဲ့ impression ကို ကျမတို့က သတိထားနေကြတဲ့အတွက် ကိုယ့်ရဲ့ကြမ်းတမ်းတဲ့ပုံစံကို မြင်သွားမှာ ရိုင်းတယ်လို့ အထင်ခံရမှာစိုးတာတွေကြောင့် စိတ်ထဲမပါလည်း ဟန်ဆောင်ပြီး ချိုချိုသာသာပြောရတာမျိုးပါ။

မိသားစုမှာတော့ impression ကို ထည့်တွက်စရာမလိုပဲ ကိုယ့်ရဲ့ပုံစံအမှန်အတိုင်း နေလို့ရတာကြောင့် စိတ်မရှည်ရင် မရှည်တဲ့အတိုင်း တိုပြတ်ပြတ်ပြောလို့ရသလို ဒေါသထွက်ရင်လည်း အော်ငေါက်နိုင်တာမျိုးပါ။

◾နောက်တစ်ချက်ကတော့ တာဝန်နဲ့ ဖိအားတွေကြောင့်ပါ။
မိခင်တစ်ယောက်အနေနဲ့ ကလေးရဲ့ behaviour တွေကို ပျိုးထောင်နေရတဲ့အခါ မိသားစုဝင်တွေရဲ့ ပယောဂကြောင့်ပဲဖြစ်ဖြစ် ကလေးမှာ ကိုယ်မကြိုက်တဲ့ အပြုအမူအပြောအဆိုတွေမြင်လာရရင် အားမလိုအားမရဖြစ်ပြီး ဒေါသအလိုလိုထွက်ပါတယ်။

ကိုယ်ပြင်ပေးမှရမယ်ဆိုတဲ့ ဖိအားကြောင့် မိသားစုဝင်တွေနဲ့ ကလေးအပေါ် အလိုလို စိတ်တိုဒေါသထွက်နေတတ်ပါတယ်။

သူစိမ်းတွေနဲ့ဆက်ဆံရာမှာတော့ ဒီလိုတာဝန်နဲ့ဖိအားတွေမရှိပဲ ခဏတဖြုတ်အနေနဲ့ စိတ်ရှည်လက်ရှည်စကားပြောနိုင်တာပါ။

◾နောက်ဆုံးတစ်ချက်က စိတ်ပင်ပန်းမှုတွေကြောင့်ပါ။
ကျမတို့မိခင်တွေဟာ ကလေးနဲ့ တချိန်လုံး နှစ်ကိုယ့်တစ်စိတ်လို နေရပြီး ကလေးတာဝန်တွေ သိမ်းကြုံးလုပ်နေရတဲ့အခါမှာ စိတ်ပန်းလူပန်းဖြစ်လာတာကြောင့် အလိုလိုနေ စိတ်မရှည်ဖြစ်နေရခြင်းပါ။
အခြားသူတွေနဲ့ တွေ့ဆုံဆက်ဆံရချိန်တွေကတော့ တိုတောင်းပြီး ဘာတာဝန်မှယူစရာမလိုတဲ့အတွက် တလေးတစား ပြောဆိုပေးနိုင်တာပါ။

♾️ဒီလိုဖြစ်နေတာတွေကို ဖြေရှင်းဖို့ နည်းလမ်းလေးတွေ တွေးကြည့်မိပါတယ်။

◽ကိုယ်က မိသားစုဝင်တွေနဲ့ ကလေးအပေါ် ဘယ်အချက်တွေကို အလိုမကျတာလဲ အရင်ဆုံးတွေ့ကြည့်ပါ။အရာရာကိုယ့်ဆန္ဒအတိုင်း မဖြစ်နိုင်ဘူးဆိုတာ သတိချပ်ပြီး စိတ်ရှည်နိုင်ဖို့ ကြိုးစားကြည့်ပါ။

သူစိမ်းကိုတောင် ချိုချိုသာသာပြောနိုင်သေးရင် ကိုယ်ချစ်ရသူတွေအပေါ် ပိုပြီးကောင်းပေးသင့်တယ်လို့ တွေးကြည့်ပါ။

◽မိသားစုနဲ့ ပျော်စရာအချိန်လေးတွေဖန်တီးပြီး စိတ်ပင်ပန်းမှုတွေကို လျှော့ချကြည့်ပါ။စိတ်တိုဒေါသထွက်ရတာတွေကြောင့် ပျော်စရာအချိန်လေးတွေထဲက ပဲ့ပါသွားမှာ နှမြောစရာလို့ တွေးကြည့်ပါ။

◽ကိုယ့်ကိုယ်ကိုနားလည်နိုင်ဖို့ ကြိုးစားကြည့်ပါ။
ကိုယ့်အကြောင်းကိုယ်ပဲသိတယ်ဆိုတာ မမှန်ပါ။ကိုယ်တိုင်မမြင်နိုင်တဲ့ ကိုယ့်ရဲ့အားနည်းချက် အားသာချက်တွေရှိပါတယ်။မြင်အောင်ကြည့်ပါ။

ကျမတို့က ဖြစ်ချင်ဇောတွေနဲ့ အများကြီးကျော်တွေးနေမိတဲ့အခါ လက်ရှိအချိန်တွေကို အလိုမကျမှုတွေနဲ့ ဖြတ်သန်းနေမိတတ်ပါတယ်။

သူများကလေးတွေလုပ်နိုင်တာမျိုး ကိုယ့်ကလေးက မလုပ်နိုင်သေးတဲ့အခါ မသိစိတ်ကနေ ကလေးအပေါ်အပြစ်မြင်မိပြီး ငေါက်ဆတ်ဆတ်ပြောမိတတ်ပါတယ်။

ကလေးကိစ္စ အကုန်ကိုယ့်တာဝန်ကြီးပဲလားလို့ တွေးမိပြန်ရင်လည်း ဘယ်သူ့စိတ်တိုရမှန်းမသိ‌တော့ပဲ မိသားစုဝင်တွေအပေါ်မှာ သွားမဲမိတတ်ပြန်ပါတယ်။

ဒါကြောင့် ကိုယ့်စိတ်ကိုယ်ပြန်စမ်းစစ်ပြီး လျှော့နိုင်တာလျှော့ ပေါ့ပေါ့ပါးပါးဆက်ဆံကြည့်ပါ။

လူ့ဘဝအချိန်ခဏတာလေးမှာ သူစိမ်းတွေကိုတောင် ကောင်းကောင်းမွန်မွန်ပြောဆိုဆက်ဆံနိုင်သေးရင် ကျမတို့ချစ်ရတဲ့ မိသားစုအပေါ် အထူးသဖြင့် ချစ်လွန်းလှပါချည်ရဲ့လို့ ဝမ်းနဲ့လွယ်‌မွေးထားတဲ့ ရင်နှစ်သည်းချာလေးတွေအပေါ်မှာ ဘာကပိုအရေးကြီးလိုများ သည်းခံနိုင်စွမ်းနည်းပြီး အကြင်နာမဲ့သလိုအပြုအမူတွေ လုပ်မိနေရမှာလဲနော်။

🫶ဒီနေ့ကစပြီး မိသားစုဝင်‌တွေနဲ့ ဘေဘီလေးတွေအပေါ် ကိုယ့်နှလုံးသားနဲ့ဆန့်ကျင်ဘက် အပြုအမူတွေနဲ့ မပြောဆိုမဆက်ဆံမိအောင် ချစ်ရင်ချစ်တယ်လို့ပြောပြီး ကြင်ကြင်နာနာဆက်ဆံနိုင်အောင် ကြိုးစားကြည့်ပါလို့ တိုက်တွန်းပါရစေရှင်။

Angel

🎆ဖေဖေ၊မေမေတို့ရဲ့ ကလေးလေးတွေကို ပြန်ပြောပြဖို့ သီတင်းကျွတ်မီးထွန်းပွဲတော်အကြောင်း🕎ဝါတွင်းကာလပြီးဆုံးတဲ့ အောက်တိုဘာလမှာ ဝ...
17/10/2024

🎆ဖေဖေ၊မေမေတို့ရဲ့ ကလေးလေးတွေကို ပြန်ပြောပြဖို့ သီတင်းကျွတ်မီးထွန်းပွဲတော်အကြောင်း

🕎ဝါတွင်းကာလပြီးဆုံးတဲ့ အောက်တိုဘာလမှာ ဝါလကင်းလွတ် သီတင်းကျွတ်မီးထွန်းပွဲတော်ကို ကျင်းပကြပါတယ်။

🙏🏻မြန်မာပြက္ခဒိန်အရ (၇)လမြောက် သီတင်းကျွတ်လမှာ ကောင်းကင်ဘုံက သန္တုဿိတ နတ်သားဖြစ်နေတဲ့ မယ်တော်မာယာကို ကျေးဇူးဆပ်တဲ့အနေနဲ့ ဝါတွင်း(၃)လလုံး အဘိဓမ္မာတရားဟောကြားပြီးချိန် ကောင်းကင်မှ ပြန်လည်ဆင်းသက်ကြွချီ‌တော်မူလာတဲ့ ဗုဒ္ဓမြတ်စွာဘုရားကို ကြိုဆိုလမ်းပြပေးဖို့ အိမ်တိုင်း၊လမ်းတိုင်းမှာ ဖယောင်းတိုင်မီး‌တွေ ထွန်းညှိပူဇော်ထားကြရာကနေ သီတင်းကျွတ်မီးထွန်းပွဲတော်ဖြစ်လာခဲ့ပါတယ်။

🙏🏻မြတ်စွာဘုရားနဲ့ သံဃာတော်တွေက အဘိဓမ္မာတရားတော်ကို ဟောကြားရွတ်ဆိုကြတဲ့အတွက် သီးတင်းကျွတ်လပြည့်နေ့ကို အဘိဓမ္မာအခါတော်နေ့လို့လည်းခေါ်ပါတယ်။

🙏🏻မြတ်စွာဘုရားရဲ့လမ်းစဉ်ကို အတုယူပြီး သီတင်းကျွတ်ကာလမှာ သက်ကြီး၊ဝါကြီးနဲ့ ကျေးဇူးရှိဖူးသူတွေကို ဂါရဝပြုကန်တော့ကြတဲ့ အလေ့အထရှိလာခဲ့တာ ဖြစ်ပါတယ်။

🥨🍪ဂါရဝပစ္စည်းတွေအပြင် အချို့အရပ်ဒေသတွေမှာ မုန့်ဆီကြော် အဖြူ၊အနီကြော်တွေ ပြုလုပ်ပြီး သက်ကြီး၊ဝါကြီးနဲ့ ဆွေမျိုးသားချင်းတွေကို မုန့်နဲ့ကန်တော့ကြပါတယ်။

👴🏻👵🏻ကန့်တော့ခံပုဂ္ဂိုလ်တွေက ဆုတောင်းမေတ္တာပို့သပေးတာနဲ့ ကလေးတွေကိုမုန့်ဖိုးပေးတာ စတဲ့အလေ့အထလေးတွေနဲ့ ပျော်စရာကောင်းတဲ့ကာလလို့ဆိုရင်လည်း မမှားပါဘူး။

🌝အဖိတ်နေ့၊လပြည့်နေနဲ့ လပြည့်ကျော်(၁)ရက်နေ့တွေမှာ မီးထွန်းပွဲတော်ကျင်းပကြပြီး

🍚လပြည့်နေ့မနက်အစော ဘုရားမှာ အရုဏ်ဆွမ်းအတွက် အသီးအနှံနဲ့မုန့်တွေ ကပ်လှူပူဇော်ကြပြီး ဘုရားဖူးလာသူတွေကို စတုဒီသာနဲ့ ကျွေးမွေးဧည့်ခံကြပါတယ်။

🏮အချို့အရပ်ဒေသတွေမှာ ဆီမီးထွန်းပြီး ရေမျှောတာနဲ့ မီးပုံးပျံလွှတ်တင်တာတွေ ပြုလုပ်ကြပါတယ်။

🏮အနယ်နယ်အရပ်ရပ်မှာ မီးထွန်းပွဲတော် ကျင်းပကြပြီး ပွဲတော်ဈေးမှာ ဒေသထွက်ကုန်ပစ္စည်းတွေနဲ့ မြန်မာမုန့်မျိုးစုံကို ရောင်းချကြပါတယ်။

🧨ကလေးငယ်တွေက လမ်း‌မပေါ်မှာ အိမ်ရှေ့တွေမှာ မီးရှူး၊မီးပန်းနဲ့ ဗြောက်အိုးတွေဖောက်ပြီး အော်ဟစ်ပျော်ရွှင်ကြတဲ့ အချိန်ကာလဖြစ်ပါတယ်။

🕯️အိမ်တိုင်း၊လမ်းတိုင်းမှာ ဖယောင်းတိုင်မီးတွေ အလှဆင်မီးတွေနဲ့ မီးပုံးလေးတွေကိုယ်စီချိတ်ဆွဲအလှဆင်ထားကြပါတယ်။

👨‍👨‍👧‍👦သီတင်းကျွတ်ကာလမှာ မိသားစုနဲ့တွေ့ဆုံပြီး ပျော်စရာကာလတွေဖြတ်သန်းဖို့ အလုပ်တွေနဲ့ကျောင်းတွေ ပိတ်ပေးကြပါတယ်။

🎇သင်္ကြန်ပွဲတော်ပြီးရင် ဒုတိယမြောက်အစည်ကားဆုံးဖြစ်တဲ့ သီတင်းကျွတ်ပွဲတော်ဟာ ပါဝင်ဆင်နွှဲသူအားလုံးရဲ့နှလုံးသားကို ဆီမီးအလင်းရောင်နဲ့ နွေးထွေးတောက်ပစေတဲ့ ပွဲတော်တစ်ခုလည်း ဖြစ်ပါတယ်။

🌱သီတင်းကျွတ်ပွဲ‌တော်ဟာ မြန်မာ့ရိုးရာမီးထွန်းပွဲတော် တစ်ခုသာမက လူမှုရေး၊ ဘာသာရေးနဲ့ ယဉ်ကျေးမှုပြယုဂ်တစ်ခုလည်းဖြစ်ပါတယ်။

🫶ပျော်ရွှင်စရာသီတင်းကျွတ်ကာလတွေကို အားလုံးခံစားခွင့်ရရှိကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

Angel

🤖ဒေါသတွေကို ကလေးအပေါ် မပေါက်ကွဲမိအောင် ဘယ်လိုလုပ်ရမလဲ???ကလေးရှိတဲ့ မိဘတွေဟာ အမြဲတမ်း‌တော့ စိတ်တည်ငြိမ်မနေပါဘူး။တစ်ခါတစ်ရ...
13/10/2024

🤖ဒေါသတွေကို ကလေးအပေါ် မပေါက်ကွဲမိအောင် ဘယ်လိုလုပ်ရမလဲ???

ကလေးရှိတဲ့ မိဘတွေဟာ အမြဲတမ်း‌တော့ စိတ်တည်ငြိမ်မနေပါဘူး။တစ်ခါတစ်ရံ ကလေးတွေဟာ မေမေ၊ဖေဖေတို့ကို စိတ်ရှုပ်စေမယ့်အပြုအမူတွေပြုတတ်ကြပါတယ်။

ဒီလိုအချိန်မှာ ဒေါသကိုကလေးအပေါ် လွှတ်ထွက်မပေါက်ကွဲမိ‌စေဖို့ နည်းလမ်းတွေရှိပါတယ်။

🍂ပထမဆုံးအနေနဲ့ ကိုယ့်ကိုယ်ကို handle လုပ်ပါ။

အမြဲလိုလိုထိန်းချုပ်‌နေရတဲ့ ဒေါသဟာ တစ်ချိန်ချိန်မှာ ကလေးတွေအပေါ် ပြင်းထန်စွာ‌ ပေါက်ကွဲနိုင်ပါတယ်။ ဒါကြောင့် ပထမဆုံးအနေနဲ့ ကိုယ့်စိတ်ကို‌လျှော့ချပြီး အေးဆေးတည်ငြိမ်‌အောင်လုပ်နိုင်ဖို့က အရေးကြီးပါတယ်။ စိတ်တည်ငြိမ်ဖို့ breathing exercises လုပ်ခြင်းက အကောင်းဆုံးနည်းလမ်းတစ်ခုပါ။

🍂ကလေးကို သင်ပြပေးချင်တဲ့စိတ်နဲ့ ချဉ်းကပ်ပါ။

ကလေးတွေရဲ့ အပြုအမူနဲ့အ‌ပြောအဆို‌တွေအတွက် မိဘတွေဆီက သင်ပြမှုလိုအပ်ပါတယ်။ ဒေါသနဲ့မဟုတ်ပဲ သင်ပြပေးလိုစိတ်နဲ့ ရှင်းပြပြီး အပြုအမူကောင်းလေးတွေကိုညွှန်ပြပေးတာက ကလေးအတွက် ပိုအကျိုးရှိပါတယ်။

🍂နားလည်ဖို့ကြိုးစားပါ။

အခုမှ လူ့လောကထဲကိုရောက်လာတဲ့ ကလေးတွေဟာ ပြင်ပကမ္ဘာကြီးကို နားလည်နိုင်ဖို့ကြိုးစားရင် သင်ယူနေရတာပါ။ ဒါကြောင့် တချို့အခြေအနေမှာ ကလေးရဲ့အပြုအမူတွေက မိဘရဲ့သဘောဆန္ဒနဲ့ ဆန့်ကျင်သလို ဖြစ်နေတတ်ပါတယ်။
ကလေးအပေါ် ဒေါသပေါက်ကွဲမိ‌တော့မယ်ဆိုရင် ကလေးဘာကြောင့် ဒီလိုဖြစ်ရသလဲဆိုတဲ့ အကြောင်းရင်းကို မမေ့ဖို့နဲ့ နားလည်ပေးနိုင်ဖို့ကြိုးစာကြည့်ပါ။

🍂လိုအပ်ရင် ကိုယ်ပိုင်နားချိန်ယူပါ။

တစ်ခါတစ်လေ စိတ်ဖိစီးမှုရှိတဲ့အခြေအနေတွေကနေ ခဏတာအနားယူပြီး အေးဆေးသက်သာမှုရဖို့နဲ့ စိတ်ကြည်လင်ဖို့ ကြိုးစားကြည့်ပါ။အခြေအနေအရပ်ရပ်ကို နားမလည်နိုင်သေးတဲ့ကလေးကို စာနာစိတ်ရှည်နိုင်ဖို့ အင်အား‌တွေ ရလာပါလိမ့်မယ်။

👩‍❤️‍👨မိဘဖြစ်ရတဲ့အချိန်မှာ စိတ်အတက်အကျတွေအများကြီးနဲ့ စိတ်ဖိစီးမှုတွေခံစားရတာ သဘာဝပါ။
အပေါ်မှာပြောခဲ့သလို အကြောင်းရင်းခံကိုနားလည်ပြီး ကိုယ့်ကိုယ်ကို control လုပ်နိုင်မယ်၊ကလေးကို ချစ်တဲ့စိတ်နဲ့ သင်ပြပေးမယ်၊ တအားမွန်းကျပ်လာရင် ခဏတာအနားယူမယ်ဆိုရင် ကလေးအပေါ် ပေါက်ကွဲမိတာမျိုး တော်ရုံမဖြစ်တော့ပါဘူး။

တစ်ခုရှိတာက ဘယ်လောက်ပဲ အကောင်းဆုံးတုံ့ပြန်ပါစေ challenges တွေကတော့ အမြဲရှိနေမှာပါပဲ၊ ဒါကိုက မိဘဖြစ်ရခြင်းရဲ့ အနှစ်သာရပါ။

အပြုအမူကောင်းလေးတွေအတွက် ပဲ့ပြင်ထိန်းကျောင်းရင်း ကလေးနဲ့မိဘကြား ကောင်းမွန်တဲ့ relationship ကို တည်ဆောက်ကြရတာပါ။

အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားရင်း ကလေးကိုလည်းချစ်၊ ကိုယ့်ကိုယ်လည်းချစ်ရင်း မိဘဖြစ်ရတာကိုပဲ ကြံဖန်ဂုဏ်ယူပီတိဖြစ်ရတာ ကျမအပါအဝင်ပါပဲ။

ကလေးတို့ကို ကောင်းမွန်တဲ့ပတ်ဝန်းကျင်မှာ ကြီးပြင်းခွင့်ပေးရင်း အနာဂတ်မျိုးဆက်လေးတွေကို စိတ်ရှည်ရှည်နဲ့ ပျိုးထောင်ကြပါစို့လားရှင်။

Angel

❝ကလေးတွေရဲ့အပြုအမူတွေကို နားလည်ဖို့ကြိုးစားကြရအောင်❞ကလေးတွေဟာ စိတ်ခံစားချက်တွေကို မပြောပဲ ပြတတ်ပါတယ်။ကလေးတွေဟာ သူတို့ရဲ့...
24/09/2024

❝ကလေးတွေရဲ့အပြုအမူတွေကို နားလည်ဖို့ကြိုးစားကြရအောင်❞

ကလေးတွေဟာ စိတ်ခံစားချက်တွေကို မပြောပဲ ပြတတ်ပါတယ်။

ကလေးတွေဟာ သူတို့ရဲ့စိတ်ခံစားချက်တွေကို စကားလုံးတွေနဲ့ဖော်ပြလေ့မရှိပဲ အပြုအမူနဲ့သာဖော်ပြလေ့ရှိပါတယ်၊ ဒါက သူတို့အတွက် ပိုပြီးအဆင်ပြေလို့ပါ။

👶အထူးသဖြင့် 7 နှစ်အောက်ကလေးတွေဟာ သူတို့ရဲ့စိတ်ခံစားချက်တွေကို စကားလုံးတွေအစား ကိုယ်အမူအရာနဲ့သာဖော်ပြတတ်ကြပါတယ်။

ဒီလိုဖြစ်ရခြင်းက ဘာသာစကားအားနည်းနေသေးတဲ့အပြင် သူတို့ဘယ်လိုခံစားနေရသလဲဆိုတာ ကောင်းကောင်းမခွဲခြားတတ်သေးတာကြောင့်လည်း ဖြစ်ပါတယ်။

🍁ဝမ်းနည်းတဲ့အခါနဲ့ ဒေါသထွက်အလိုမကျတဲ့အချိန်တွေမှာ ငိုတာ၊အော်ဟစ်သောင်းကျန်းတာနဲ့ ပစ္စည်းတွေပစ်ပေါက်တာမျိုးလုပ်တတ်ပါတယ်။

🍁စိတ်လှုပ်ရှားပျော်ရွှင်တဲ့အခါမျိုးမှာ ခိုးခိုးခစ်ခစ်ရယ်တာ၊ခုန်ပေါက်ပြီး လက်ခုပ်တီးတာမျိုးကို တွေ့ရပါတယ်။

🍁တခုခုကိုငြင်းဆန်ချင်တဲ့အခါမျိုးမှာတော့ ငြိမ်သက်သွားတာမျိုးနဲ့ စိတ်ဝင်စားဟန်မပြတာမျိုးလုပ်လေ့ရှိပါတယ်။

🍁စိတ်မလုံခြုံမှုနဲ့စိတ်ဖိစီးမှုခံစားနေရတဲ့အချိန်မျိုးမှာ
daily habits တွေပြောင်းလာတတ်ပါတယ်။
ဥပမာ-အစာစားချင်စိတ်နည်းတာ ဒါမှမဟုတ် အလွန်အကျွံစားတာ။
သိပ်မအိပ်တော့တာ ဒါမှမဟုတ် အအိပ်များလာတာ။
အပေါ့အလေး အကျင့်ပြောင်းလာတာ။
လက်မစုပ်တာ၊လက်သည်းကိုက်တာမျိုးနဲ့ အိပ်ယာထဲအပေါ့သွားတာ။

🧒🏼အသက် 7နှစ်နဲ့အထက် နဲနဲပိုကြီးတဲ့ကလေးတွေမှာ စိတ်ခံစားချက်တွေကို စကားလုံးတွေနဲ့ပြောတတ်လာပေမယ့် သူတို့လည်းပဲ show လုပ်ရတာကို ပိုကြိုက်ကြပါတယ်။

🍁ဝမ်းနည်း၊စိတ်ဖိစီးတဲ့အချိန်တွေ စိတ်အလိုမကျတဲ့အချိန်‌တွေမှာ ပုံမှန်နေနေကျပုံစံမဟုတ်ပဲ အမူအကျင့်တွေပြောင်းသွားတာမျိုး၊မျက်လုံးချင်းမဆုံ‌‌အောင်နေတာမျိုးတွေ့ရတတ်ပါတယ်။

🍁ခံစားချက်ကို တိုက်ရိုက်မပြောပဲ ခန္ဓာကိုယ်အမူအရာ(ဥပမာ၊ခြေစောင့်တာ၊‌ လေးတိလေးကန်လုပ်တာ)၊မျက်နှာအမူအရာပြောင်းတာမျိုးနဲ့ အသံအနိမ့်အမြင့်(ဥပမာ-တိုပြတ်ပြတ်ပြောတာ၊မပွင့်တပွင့်ပြောတာ)ပြောင်းတာမျိုးနဲ့ သီးခြားနေတတ်တာမျိုး တွေ့ရတတ်ပါတယ်။

🍁စိတ်မလုံခြုံမှုနဲ့စိုးရိမ်မှုတွေခံစားနေရတဲ့အချိန်မျိုးမှာ သူတို့ပုံမှန်လုပ်နေကျ အလုပ်တွေကိုတောင် မိဘ သို့မဟုတ် တစ်ယောက်ယောက်ကိုလုပ်ပေးဖို့အကူအညီတောင်းတတ်ပါတယ်၊ဒါက အာရုံစိုက်မှုခံချင်ပြီး စိတ်ပိုင်းဆိုင်ရာအကူအညီလိုအပ်တာမျိုးပါ။

🍁ဒီအရွယ်ကလေးတွေက သူတို့ရင်ထဲက ခံစားချက်တွေကို drawing & art ကနေလည်း ဖွင့်ထုတ်တတ်လာပါပြီ။
ဥပမာ-စိတ်အလိုမကျ ဒေါသထွက်နေတဲ့ကလေးက ပန်းချီခြယ်တဲ့အခါမှာ အရောင်မှုန်မှုန်မှိုင်းမှိုင်းနဲ့ aggressive ဖြစ်တဲ့အရောင်ရိုင်းရိုင်းတွေခြယ်တတ်သလို ပျော်ရွှင်ပေါ့ပါးနေတဲ့ကလေးက အရောင်စိုစိုတောက်တောက်လေးတွေနဲ့ ရောင်စုံကာလာလေးတွေခြယ်‌လေ့ရှိပါတယ်။

သူတို့ဆွဲထားတဲ့ပုံတွေနဲ့အရောင်တွေကိုကြည့်ပြီး သူတို့စိတ်ထဲ ဘာတွေခံစားပြီး struggle လုပ်နေရသလဲဆိုတာ အကြမ်းဖျဉ်းခန့်မှန်းနိုင်ပါတယ်။

◾ပိုငယ်တဲ့ကလေးတွေအတွက် စိတ်ခံစားမှုတွေကို express လုပ်နိုင်ဖို့ ဘာသာစကားအားနည်းနေသေးတဲ့အပြင် ထိန်းချုပ်နိုင်စွမ်းနည်းနေသေးတာမို့ သူတို့အတွက် ခံစားချက်တွေက ပြင်းထန်နေနိုင်ပါတယ်။

◾ပိုကြီးတဲ့ကလေးတွေမှာလည်း စိတ်ခံစားမှုတွေကို နားလည်လာပြီး ဘာသာစကားလည်းဖွံ့ဖြိုးလာပေမယ့် express လုပ်နိုင်ဖို့ရာ စကားလုံးရွေးချယ်မှုမှာ အခက်အခဲရှိနေတတ်ပါသေးတယ်။

ဒါတွေက ဘာကြောင့်ဖြစ်ရသလဲဆိုရင် ကလေး တွေအားလုံးရဲ့ "စိတ်ခံစားမှုထိန်းချုပ်နိုင်ခြင်းနဲ့ ဘာသာစကားဖွံ့ဖြိုးမှု" အစိတ်အပိုင်းဖြစ်တဲ့ ဦးနှောက်ဘယ်ဘက်ခြမ်းက အပြည့်အဝမဖွံ့ဖြိုးသေးတာကြောင့်ဖြစ်ပါတယ်။

ဒါဆိုရင် က‌လေးတွေကို သူတို့ရဲ့ emotions တွေကို express ကောင်းကောင်းလုပ်တတ်အောင် ဘယ်လိုကူညီပေးရမလဲ?

◾သူတို့ခံစားနေရပုံပေါ်တဲ့အရာလေးတွေကို နာမည်တပ်ပြီးပြောပေးပါ။
ဥပမာ- "အရုပ်ကလေးမကောင်းတော့လို့ သားသားစိတ်ရှုပ်နေတယ်နဲ့တူတယ်ဟုတ်လား"

◾စိတ်လုံခြုစေတဲ့ရပ်ဝန်းဖန်တီးပေးပါ။
ကလေးတို့ရဲ့ ခံစားမှုပြဿနာတွေကိုဖြေရှင်းပေးမှာထက် ဒီတိုင်းလေးလက်ခံပေးပြီး နွေးနွေးထွေးထွေးနေပေးခြင်းက သူတို့ကို စိတ်သက်သာ‌စေပြီး "emotional growth" ဖြစ်စေပါတယ်။

◾စိတ်ခံစားမှုထိန်းကွပ်နိုင်မယ့် နည်းလမ်းလေးတွေသင်ပေးပါ။
ဥပမာ-အသက်ဝဝရှူခိုင်းတာ၊10 အထိရေခိုင်းတာ၊ဆေးခြယ်ပုံဆွဲခိုင်းတာမျိုးနဲ့ စကားပြောဖေါ်ရှာခိုင်းတာ။

ကလေးတိုင်းက တစ်ယောက်တစ်မျိုးစီမို့ တစ်ချို့က စကားနဲ့ပြောရတာကြိုက်ပြီး တစ်ချို့ကလေးက အပြုအမူနဲ့ show လုပ်ရတာကို ပိုကြိုက်ပါတယ်။

ဖြစ်လေ့ဖြစ်ထရှိတဲ့အမူအကျင့်လေးတွေကို သိထားမယ်ဆိုရင် ကလေးတို့ရဲ့ "emotional development" အတွက် support ကောင်းကောင်းပေးနိုင်မှာပဲဖြစ်ပါတယ်။

သူတို့အပြုအမူလေးတွေရဲ့ နောက်ကွယ်ကအကြောင်းရင်းတွေကို မြင်အောင်ကြည့်တတ်ပြီး စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်တဲ့မိဘတွေဟာ ကလေးနဲ့ဆက်ဆံရေးကောင်းမွန်ပြီး positive environment မှာ ကလေးကိုကြီးပြင်းခွင့်‌ပေးနိုင်တဲ့ မိဘမျိုးဖြစ်ပါတယ်။

အဖက်ဖက်က ခက်ခဲတဲ့ ဒီလိုအချိန်ကာလမျိုးမှာ အနည်းဆုံးတော့ ကလေးတို့ရဲ့ စိတ်ပိုင်းဆိုင်ရာလုံခြုံမှုနဲ့ဖွံ့ဖြိုးမှုအတွက် အကောင်းဆုံး‌ စောင့်ရှောက်ပေးနိုင်တဲ့ မိဘမျိုးဖြစ်ဖို့ကြိုးစားကြရအောင်ပါ။

Angel

"balance bike သုံးတဲ့ ကလေး‌တွေဟာ ပုံမှန်စက်ဘီးစီးတဲ့အချိန်မှာ ခက်ခက်ခဲခဲသင်စရာမလိုပဲ လွယ်လွယ်နဲ့စီးတတ်သွားပါတယ်"balance ...
13/07/2024

"balance bike သုံးတဲ့ ကလေး‌တွေဟာ ပုံမှန်စက်ဘီးစီးတဲ့အချိန်မှာ ခက်ခက်ခဲခဲသင်စရာမလိုပဲ လွယ်လွယ်နဲ့စီးတတ်သွားပါတယ်"

balance bike သုံးတဲ့အတွက် အကျိုးကျေးဇူးများစွာရှိပါတယ်

🔹ကလေးရဲ့ ဟန်ချက်ထိန်းနိုင်မှုကို လှုံ့ဆော်ပေးခြင်း

🔹ကြွက်သားတည်ဆောက်မှုနဲ့ ခန္ဓာကိုယ်အနေအထားကို ဖွံ့ဖြိုးစေခြင်း

🔹spatial awareness(အနေအထား၊အကွာအဝေးချိန်ဆနိုင်သည့် ဉာဏ်) ဖွံ့ဖြိုးစေခြင်း

🔹အမှီအခိုကင်းပြီး လွတ်လပ်စွာစူးစမ်းနိုင်ခွင့်ရရှိစေခြင်း

🔹ခြေနင်းပြားအစား လှည့်ဖို့၊ကွေ့ဖို့ ခြေထောက်တွေကိုပဲသုံးရတာမို့ ကိုယ့်ကိုယ်ကိုထိန်းချုပ်နိုင်မှုနဲ့ ယုံကြည်မှုပိုရှိလာစေပါတယ်

🔹စက်ဘီးရှေ့ကိုရွေ့ဖို့အတွက် လက်တွေနဲ့ထိန်းချုပ်ပြီး ခြေထောက်‌တွေနဲ့သာ တွန်းအားပေးရတဲ့အတွက် ကြွက်သားအသုံးပြုနိုင်မှု၊လျင်မြန်ဖျတ်လတ်မှုနဲ့ လက်-မျက်လုံး-ခန္ဓာကိုယ် ဟန်ချက်ညီအောင် ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အရည်အသွေးကို တိုးတက်စေပါတယ်

🔹ခြေထောက်လေ့ကျင့်ခန်းလုပ်ပေးသလိုဖြစ်တာကြောင့် လှေကားတက်ခြင်းနဲ့ ‌လမ်းနောက်ပြန်‌လျှောက်ခြင်းကဲ့သို့‌သော စွမ်းရည်တွေအတွက်လဲ တနည်းတဖုံအကျိုးပြုပါတယ်

🤗balance bike ရဲ့ထိုင်ခုံက ပုံမှန်စက်ဘီးထက်နိမ့်တာမို့ ကလေးပြုတ်ကျလဲ ထိခိုက်မှာ မပူရသလို ကလေးတွန်းသလောက်သာ ရွေ့တာမို့ အရှိန်နဲ့လဲကျပြီး ထိခိုက်မိမှာမျိုးအတွက်လဲ ပူစရာမရှိပါဘူး

🔺balance bike ဝယ်တဲ့အခါ ကလေးအရပ်နဲ့ကိုက်ညီမှုရှိမရှိ သေချာစစ်ဆေးပါ ကလေးခြေထောက်တွေက မြေပေါ်ကောင်းကောင်း‌ထောက်ထားနိုင်ပြီး စက်ဘီးကို ကောင်းကောင်းတွန်းကန်နိုင်တဲ့ အနေအထားရှိရပါမယ်

🔺ကလေးအသက် ၁၈လ ဒါမှမဟုတ် ၂နှစ်အရွယ်ကစပြီး balance bike သုံးပေးလို့ရပါတယ်

စောစောသုံးပေးလေ ကလေးအတွက်အကျိုးရှိလေပါ

🚴balance bike သုံးတာ အတော်လေးကြာလာတဲ့အခါ ကလေးရဲ့ ဟန်ချက်ထိန်းနိုင်မှုနဲ့ ချိန်ညှိနိုင်မှုစွမ်းရည် အတော်လေးတိုးတက်လာပြီး သာမာန်စက်ဘီးစီးနိုင်ဖို့အတွက် အဆင်သင့်ဖြစ်နေပါပြီ

စက်ဘီးစီးခြင်းဟာ ပျော်စရာကောင်းပြီး မိသားစု အတူတကွလုပ်ဆောင်နိုင်တဲ့ activity တခုဖြစ်တာကြောင့် ကလေးတွေက စက်ဘီးစီးခြင်းကို အင်မတန်နှစ်သက်ကြပါတယ်

ဒါကြောင့် ကလေးတွေကိုပျော်စေချင်ရင် သူတို့မျက်နှာပေါ်မှာ အပြုံးလေးတွေဆင်ပေးမယ့် "bike" တစ်စီးသာဝယ်ပေးလိုက်ပါ

〝လူတွေရဲ့စိတ်မှာ အဆိုးမြင်စိတ်တွေနဲ့ သူ့ဘက် ကိုယ့်ဘက် မျှတွေးတတ်တဲ့စိတ်တွေ နည်းပါးလာနေတဲ့ ယနေ့ခေတ်လို အခြေအနေမျိုးမှာ〞ကိ...
12/07/2024

〝လူတွေရဲ့စိတ်မှာ အဆိုးမြင်စိတ်တွေနဲ့ သူ့ဘက် ကိုယ့်ဘက် မျှတွေးတတ်တဲ့စိတ်တွေ နည်းပါးလာနေတဲ့ ယနေ့ခေတ်လို အခြေအနေမျိုးမှာ〞

ကိုယ်အိမ်က ကလေးတွေကိုပါ ဒီစိတ်ခံစားချက်တွေ ကူးစက်မသွားအောင် ကာကွယ်ပျိုးထောင်ပေးဖို့က ဖေဖေ မေမေတို့ရဲ့တာဝန်ပါ

တခြားသူတွေမှာ ကိုယ်နဲ့မတူတဲ့ အတွေးအမြင်တွေနဲ့ ခံစားချက်တွေရှိတာ ကြိုက်တာ၊မကြိုက်တာ စတဲ့ ရွေးချယ်မှုတွေရှိတာကို ကလေးအသက် 3နှစ်အရွယ်မှာ စပြီး သိလာပါတယ်။

ဒီအရွယ်ကနေစပြီး ကလေးကို တခြားသူအပေါ် တွေးပေးတတ်တဲ့စိတ် တစ်နည်း empathy လို့ခေါ်တဲ့ ကိုယ်ချင်းစာစိတ်ကို မွေးမြူပေးရပါမယ်။

▶Empathy မှာ 2 မျိုးရှိပါတယ်

▪Affective Empathy (ကိုယ်ချင်းစာနာစိတ်)
"တစ်စုံတစ်ယောက် ဝမ်းနည်းတာမြင်ရင် ကိုယ်လည်းဝမ်းနည်းမယ် ပျော်ရွှင်တာမြင်ရင် အပျော်တွေကူးစက်မယ် နာကျင်နေတာမြင်ရင် သနားမယ်" ဆိုတဲ့စိတ်တွေက လူတိုင်းမှာ အခြေခံအားဖြင့်ရှိကြပါတယ်။

▪Cognitive Empathy(သိမြင်စာနာစိတ်)
ဒီစိတ်က တခြားသူ ဘယ်လိုခံစားနေရလဲဆိုတာကို တကူးတကတွေး‌ပေးပြီး နားလည်ဖို့ ကူညီဖို့ ကြိုးစားချင်တဲ့စိတ်လို့ ဆိုချင်ပါတယ်။

"ငါဒီလိုပြောလိုက်ရင် သူဘယ်လိုခံစားရမလဲ ငါဒေါသနဲ့ရိုက်လိုက်ရင် သူနာသွားမလား ဝမ်းနည်းသွားမလား သူ့နေရာမှာ ငါသာဆိုရင်" ဆိုပြီး တစ်ဖက်သားကို တွေးပေးနိုင်တဲ့စိတ်ကို ဆိုလိုပါတယ်။

ဒီလိုစိတ်မျိုးကို ကလေးတွေမှာရှိဖို့ ပျိုးထောင်ပေးရမှာပါ။

ဘယ်လိုပျိုးထောင်ပေးရမလဲ?

🌱Emotions တွေအကြောင်း အရင်သင်ပေးပါ။
"သားသား စိတ်တိုနေတာလား၊ညီမလေးက ဝမ်းနည်းနေတယ်၊သားသားကစားရတာပျော်လား၊
ကြောင်ကလေးကို တက်နင်းမိတာ နာသွားပြီ အုံဖွလုပ်လိုက်ပါအုံး"
တကူးတက သင်စရာမလိုပဲ နေ့တဓူဝ ကြုံရတာလေးတွေကို အမှုမဲ့အမှတ်မဲ့ မနေပဲ ဒီလိုလေးတွေပြောပေးရင်း စိတ်ခံစားချက်တွေကို က‌လေးသိလာအောင်သင်ပေးပါ။

🌱Take care of living things လို့ဆိုတဲ့
ကလေးငယ်လေးတွေ၊တိရစ္ဆာန်လေးတွေနဲ့ အပင်လေးတွေကို ဂရုစိုက်ကြင်နာတတ်တဲ့ အလေ့အကျင့်ကို ပျိုးထောင်ပေးတာကလည်း Empathy skills ကို ဖွံ့ဖြိုးစေပါတယ်။

🌱အခြားသူတွေရဲ့ စိတ်ခံစားချက်ကို စိတ်ဝင်တစားမေးမြန်းတတ်တဲ့အကျင့်လေးကို ထိန်းသိမ်းပေးပါ။
"သူက ဘာလို့ငိုနေတာလဲ၊သူ့ပုံစံက တခုခုမှားနေတယ်၊မေမေ မပျော်ဘူးလား၊စိတ်တိုနေလား"
စသဖြင့် သိချင်စိတ်ပြင်းပြတာက အခြားသူရဲ့စိတ်ခံစားချက်ကို ကလေးက နားလည်ဖို့ကြိုးစားနေတာပါ။

🌱မှားတဲ့အခါ တောင်းပန်တတ်အောင် တာဝန်ယူဖြေရှင်းပေးချင်စိတ်ရှိအောင်သင်ပေးပါ။
ကိုယ့်ရဲ့လုပ်ရပ်ကြောင့် အခြားသူမှာ စိတ်ထိခိုက်သွားရင် တောင်းပန်တာ ပွေ့ဖက်နှစ်သိမ့်ပေးတာမျိုးကို လုပ်ပေးလို့ရပြီး တခုခုထိခိုက်နစ်နာသွားရင် ပြဿနာကို ပြေလည်အောင် ပြန်ဖြေရှင်းပေးတာမျိုးကို လုပ်သင့်ကြောင်း ဖြည်းဖြည်းချင်းနားလည်အောင်သင်ပေးပါ။ကိုယ်တိုင်လည်း လုပ်ပြပါ။

🌱Stories တွေဖတ်ပြပါ၊Movies တွေ အတူတူကြည့်ပါ။
ဇာတ်ကောင်လေးတွေရဲ့ အပြုအမူ၊အပြောအဆိုနဲ့ ဆက်စပ်တဲ့ စိတ်ခံစားမှုလေးတွေကို ကလေးနဲ့ discuss လုပ်တာ၊မေးခွန်းလေးတွေမေးပေးတာက အပြင်လက်တွေ့ဘဝမှာလည်း ကလေးက အခြားသူတွေရဲ့ စိတ်ခံစားချက်တွေကို နားလည်ဖို့ကြိုးစားလာနိုင်ပါတယ်။

🌱Empathetic ဖြစ်တဲ့ အပြုအမူလေးတွေကို ချီးမွမ်းပေးပါ။
"သူငယ်ချင်းဝမ်းနည်းနေတာတွေ့လို့ သူပျော်အောင် သားသားက အတူတူဆော့ပေးတာမို့လား သားသားက သိပ်ကြင်နာတတ်တာပဲ မေမေပျော်လိုက်တာ"
ဒီလိုလေး အသိအမှတ်ပြုပေးတာက ကလေးကို ရှေ့ဆက်ပြီး empathetic ဖြစ်စေဖို့ တွန်းအားပေးရာရောက်ပါတယ်။

🌱နောက်ဆုံးတစ်ချက်က မိဘကိုယ်တိုင် empathy ကို အလေးထားပြီး ပြုမူပြောဆိုနေထိုင်ပြပါ။

ကလေး‌တွေမှာ Empathy(သိမြင်စာနာစိတ်) ဖွံ့ဖြိုးဖို့ဆိုတာ လေ့ကျင့်မှုတွေနဲ့ အချိန်ယူပြီး ပျိုးထောင်‌ပေးရတာမျိုးပါ။

ကျမတို့မိဘတွေအနေနဲ့ ကလေးတွေကို ချစ်ခြင်းမေတ္တာ၊စိတ်ရှည်သည်းခံမှုနဲ့ သူတို့အပေါ်နားလည်မှုတွေနဲ့သာ Empathy ဆိုတဲ့ ကိုယ်ချင်းစာစိတ် ဖွံ့ဖြိုးလာအောင် ပျိုးထောင်ပေးလို့ရမှာပါ။

လူတွေမှာ စာနာမှုကင်းမဲ့ခြင်းက ရက်စက်ကြမ်းကြုတ်မှု၊ရန်လိုမှုနဲ့ အနိုင်ကျင့်အကြမ်းဖက်မှုတွေကို ဖြစ်စေတဲ့ လက်သည်ပါပဲ။

🍀ကိုယ်ချင်းစာမှု(သိမြင်စာနာမှု)ရှိတဲ့ လူသားလေးတွေ များလာမှသာ ကျမတို့ရဲ့ လူ့ဘောင်လောကကြီးက သာယာပြီး ဘေးအန္တရာယ်ကင်းမှာဖြစ်ပါတယ်။

Angel

စျေးနည်းနည်း ရောင်းမယ်နော် 💕ဂျပန် ကွန်တိန်နာကျ ခုန်ဆွ လေထိုးအရုပ်15000
06/07/2024

စျေးနည်းနည်း ရောင်းမယ်နော် 💕
ဂျပန် ကွန်တိန်နာကျ ခုန်ဆွ လေထိုးအရုပ်
15000

05/07/2024

ကာလဝမ်းရောဂါအကြောင်း
••••••••••••••••••••••••••••

ကာလဝမ်းရောဂါကို Cholera လို့ခေါ်ပါတယ်။ မကုသဘဲဒီတိုင်းထားရင် နာရီပိုင်းအတွင်း အသက်ဆုံးရှုံးနိုင်ပါတယ်။ ကာလဝမ်းရောဂါဟာ ရေအရင်းအမြစ်သန့်စင်မှုမရှိခြင်းနဲ့ အခြေခံသန့်ရှင်းမှုမရှိတဲ့အတွက်ဖြစ်ရတာပါ။

အပျော့စားဖြစ်ရင် Oral Rehydration Salt လို့ခေါ်တဲ့ဓာတ်ဆားရည်သောက်ပြီး သက်သာနိုင်ပါတယ်။ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီဆိုရင်တော့ ပိုးသတ်ဆေးနဲ့ IV Fluids (အကြောဆေးသွင်းကုသမှု)တွေပါလိုအပ်နိုင်ပါတယ်။

🔷ကာလဝမ်းရောဂါဖြစ်ရတဲ့အကြောင်းအရင်း

မသန့်တဲ့အစားအစာနဲ့ မသန့်တဲ့ရေ (ရောဂါပိုးရှိတဲ့အစာနဲ့ရေ)ကို စားသောက်မိလို့ ဖြစ်ရတာပါ။ ရောဂါပိုးကို V.Cholerae လို့ခေါ်ပါတယ်။ ရောဂါပိုးကူးစက်ပြီး ၁၂နာရီမှ ၅ရက်အတွင်း ရောဂါလက္ခဏာပြသပါတယ်။

🔷ရောဂါလက္ခဏာများ

အစောပိုင်းလက္ခဏာများမှာ

▪️ဝမ်းအရည်များသွားခြင်း
▪️ဝမ်းအရောင်မှာ ဆန်ဆေးရည်ကဲ့သို့ အဖြူရောင်များဖြစ်နေခြင်း
▪️အော့အန်ခြင်း
▪️ခြေထောက်ကြွက်တက်ခြင်းတို့ပါဝင်ပါတယ်။

🔺မကုသဘဲနေရင် ရောဂါပြင်းထန်လာပြီး ရေဓာတ်ဆုံးရှုံးမှုတွေဖြစ်လာပါလိမ့်မယ်။ ကျောက်ကပ်ပျက်စီးခြင်း၊ မေ့မျောခြင်း၊ သွေးလန့်ခြင်းနဲ့ အသက်ဆုံးရှုံးခြင်းအထိ နောက်ဆက်တွဲဖြစ်နိုင်ပါတယ်။

🔷ကာကွယ်ခြင်း

မဖြစ်ခင်ကြိုတင်ကာကွယ်ဖို့အလွန်အရေးကြီးပါတယ်။ ကာလဝမ်းရောဂါဖြစ်ပွားတဲ့အချိန်တွေဟာ အခုလိုမိုးတွင်းကာလတွေမှာဖြစ်တတ်ပါတယ်။

◾ရေသန့်ကိုသာသောက်ပါ။
ရေသန့်မရှိပါက ကလိုရင်းဆေးခတ်ထားသောရေကိုသောက်ပါ။
Aquatabs -ရေသန့်စင်ဆေးပြားခတ်ပြီးလည်းသောက်သုံးနိုင်ပါတယ်။
အကယ်၍ အထက်ပါအရာများ လက်လှမ်းမမီဘူးဆိုရင် ကြိုချက်ပြီးသောက်ပါ။ ရေဆူပွက်လာတဲ့အထိကြိုပါ တစ်မိနစ်ခန့်ဆူပွက်အောင်ထားပါ။ ကြိုချက်ပြီးသားရေကို ပြန်သိမ်းရင်တော့ သိမ်းတဲ့ဘူးကသန့်ရှင်းမှဖြစ်မှာပါ။

◾လက်ဆေးပါ။

လက်ကို ရေ၊ဆပ်ပြာနဲ့ မကြာခဏဆေးကြောပေးပါ။အထူးသဖြင့် အစားမစားခင်၊ အိမ်သာတက်ပြီးနဲ့ အစားအစာတွေမကိုင်တွယ်ခင် လက်ဆေးပေးပါ။ ကလေးလေးတွေကို Diaper လဲခြင်း၊ အောက်ပိုင်းအညစ်အကြေးသန့်ရှင်းခြင်းတို့ပြုလုပ်ပြီးရင်လည်း လက်ဆေးဖို့မမေ့ပါနဲ့။

◾ရေ၊ဆပ်ပြာမရှိရင် Alcohol 60% ပါဝင်တဲ့ လက်သန့်ဆေးရည်သုံးလို့ရပါတယ်။

◾ယင်လုံအိမ်သာအသုံးပြုပါ။

◾အစားအစာတွေကို ချက်ပြုတ်ပြီးမှစားပါ။ အသားငါးအစိမ်းစားတာတွေရှောင်ပါ။ ကျက်အောင်ချက်စားပါ။ ယင်လုံအောင် ဖုံးအုပ်ထားပါ။

🔷ဖြစ်ခဲ့ရင်ဘာလုပ်ကြမလဲ?

ရောဂါစဖြစ်ပြီဆိုတာနဲ့ ဓာတ်ဆားရည်သောက်ပါ။ ကလေးသူငယ်တွေ၊ ရောဂါအခံရှိတဲ့လူကြီးတွေကို မပေါ့လျော့စေချင်ပါဘူး။

🔺ဓာတ်ဆားရည်မှာ အမှတ်မှားကြတာက ဝမ်းလျှောရင်သောက်တဲ့ဓာတ်ဆားနဲ့ ချွေးထွက်များရင်သောက်တဲ့ဓာတ်ဆားမှားကြတာပါပဲ။ ဝမ်းပျက်တဲ့အခါ ချွေးထွက်များရင်သောက်တဲ့ဓာတ်ဆားသောက်လို့မရပါဘူး။

ဝမ်းပျက်ဝမ်းလျှောဖြစ်ရင် WHO Formula နဲ့ထုတ်ထားတဲ့ဓာတ်ဆားထုပ်တွေကိုသောက်ရမှာပါ။

ကျွန်မသိသလောက် လက်ရှိဈေးကွက်ထဲမှာဝယ်လို့ရတဲ့ WHO Formula ဓာတ်ဆားတွေက BPI ဓာတ်ဆား၊ Relyte ဓာတ်ဆား၊ Peditral ဓာတ်ဆား၊ Pharolit ဓာတ်ဆားတွေဖြစ်ပါတယ်။ ဒီတံဆိပ်တွေကို ဝမ်းပျက်ဝမ်းလျှောဖြစ်ရင် သောက်လို့ရပါတယ်။ BPI ၊ Relyte၊ Peditral စတာတွေက ရေသန့် သို့မဟုတ် ကြိုချက်ပြီးအအေးခံထားသောရေ 1000ml နဲ့ဖျော်စပ်ရတာဖြစ်ပြီး Pharolit ဓာတ်ဆားကတော့ ကလေးတွေမှာအသုံးများပြီး ရေ 200ml နဲ့ဖျော်စပ်ရတာဖြစ်ပါတယ်။

မိမိဝယ်လာတဲ့ဓာတ်ဆားထုပ်ကို ရေဘယ်လောက်နဲ့ဖျော်ရမလဲမသိရင် ဆေးဆိုင်မှာသေချာမေးခဲ့ပါ။ ဘယ်လောက်ရေပမာဏနဲ့ဖျော်စပ်ရလဲဆိုတာကိုပါ။ တိတိကျကျဖျော်စပ်မှသာ ကုသမှု အကျိုးရလဒ်ရှိမှာပါ။ ဈေးကွက်ထဲမှာတော့ အထက်ပါဓာတ်ဆားထုပ်တွေသာအများဆုံးရှိတဲ့အတွက် ကျွန်မပြောတဲ့ info လေးကအသုံးဝင်မှာပါ။

နောက်တစ်ခုက Probiotics ကိစ္စပါ။ ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီဆိုရင် နံပါတ် ၁ က ဓာတ်ဆားရည်ဖြစ်ပါတယ်။ ဓာတ်ဆားရည်မသောက်ဘဲ Probiotics တမျိုးတည်းသောက်လို့မရပါဘူး။ ဓာတ်ဆားရည်ကသာ အသက်ကယ်နိုင်မှာပါ။

🔷ဓာတ်ဆားရည်ပြုလုပ်နည်း

ဓာတ်ဆားထုပ်ဝယ်ယူလို့မရတဲ့နေရာတွေအတွက်ဖြစ်ပါတယ်။

◾ကြိုချက်ထားသောရေတစ်လီတာ(1000ml)ထဲကို ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်၊ သကြား လက်ဖက်ရည်ဇွန်း ခြောက်ဇွန်းထည့်ပါ။ ဖျော်ပါ။ ၂၄နာရီအတွင်းကုန်အောင်သောက်ပါ။ (ကိုးကား -WHO)

🔺ဝမ်းအရည်တွေတစ်နေ့ကို သုံးကြိမ်ထက်ပိုပြီးသွားတာကို ကုသမှုမခံယူဘူးဆိုရင်၊ လုံလောက်တဲ့အရည်ပမာဏပြန်ပြီးမဖြည့်တင်းဘူးဆိုရင် ရေဓာတ်ဆုံးရှုံးခြင်းဖြစ်စေနိုင်ပါတယ်။

◾ရောဂါမပြင်းထန်ဘူးဆိုရင်တော့ အဓိကကဓာတ်ဆားရည်သောက်ပြီး ရေဓာတ်ပြည့်ဝအောင်ပြုလုပ်ဖို့ပါ။ ဆိုဒါမပါသော လတ်ဆတ်တဲ့အသီးအနှံဖျော်ရည်၊ ကြက်ပြုတ်ရည်သောက်လို့ရပါတယ်။ ရေများများသောက်ရပါမယ်။ ဓာတ်ဆားရည်ဟာ ဝမ်းလျှောလို့ဆုံးရှုံးသွားတဲ့ ရေဓာတ်နဲ့ဓာတ်ဆားတွေကို ပြန်လည်ဖြည့်တင်းပေးနိုင်တဲ့အတွက် သေချာသောက်ပေးရပါမယ်။ အစားစားပြီးတဲ့အခါမှာ ဓာတ်ဆား(သို့မဟုတ်)အရည်ကိုကြားထဲမှာ သောက်ပေးရပါမယ်။ မကြာခဏလည်းတစ်ငုံချင်းသောက်ပေးရပါမယ်။ ဝမ်းလျှောနေစဉ်မှာ ပင်လယ်စာ၊ နို့နဲ့နို့ထွက်ပစ္စည်း အစားအစာတွေ ခေတ္တရှောင်ပေးပါ။

🔷အရေးကြီးတဲ့လက္ခဏာတွေကတော့

◾ကိုယ်အပူချိန် 101'F ထက်များခြင်း၊ နှစ်ဆယ့်လေးနာရီကျော်အောင်ကိုယ်ပူခြင်း

◾နှစ်ရက်ကျော်အောင်ဝမ်းလျှောခြင်း

◾ပျို့ခြင်း၊ အစားစားမရအောင်အန်ခြင်း

◾ဗိုက်ထဲမှရစ်ပြီးနာခြင်း

◾ရေဓာတ်ဆုံးရှုံးခြင်း (ခြေဖျား၊လက်ဖျားအေးစက်ခြင်း၊သွေးပေါင်ကျခြင်း၊ ရေအလွန်ငတ်ခြင်း၊ မူးဝေသတိလစ်ခြင်း)

ဒီလိုလက္ခဏာတွေဖြစ်နေမယ်ဆိုရင်တော့ မပေါ့ဆဘဲ ဆရာဝန်နဲ့အမြန်ဆုံးပြသသင့်ပါတယ်လို့ရေးသားလိုက်ရပါတယ်။

အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။

မောင်(ဆေး-၁)မာမီ

5.7.24 ; 11:30PM

Edited 🔺 လတ်တလောပျံ့နှံ့နေသော ဝမ်းပျက်ဝမ်းလျှောသတင်းတွေကြောင့် Panic မဖြစ်စေချင်ပါဘူး။ ကာလဝမ်းရောဂါပိုးဟုတ်မဟုတ်လည်း ဘယ်သူမှအတည်မပြုသေးပါဘူး။ အခုဆောင်းပါးကို Educational Purpose အရသာ ဖတ်ရှုစေချင်ပါတယ်။ အခု မိုးရာသီမှာ Gastroenteritis လို့ခေါ်တဲ့ ရိုးရိုးဝမ်းပျက်ဝမ်းလျှောလည်း အဖြစ်များပါတယ်။ ဘယ်လိုဝမ်းပျက်ဝမ်းလျှောဖြစ်ဖြစ် ဒီနည်းလမ်းတွေအတိုင်း ကာကွယ်၊ သတိပြုလို့ရပါတယ်ရှင်။

✅စာများကို လွတ်လပ်စွာ share နိုင်ပါတယ်။ ခွင့်ပြုချက်တောင်းရန်မလိုပါ။
❗️တစ်ဆင့်ပြန်လည်ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံပါတယ်

#ဝမ်းလျှောခြင်း
#ကာလဝမ်းရောဂါ

Address

Yangon

Telephone

+959799895263

Website

Alerts

Be the first to know and let us send you an email when My Baby Delight posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to My Baby Delight:

Share