09/11/2025
စက်ချုပ်ပညာဆိုတာ အောက်သက်ကျေဖို့ကို နှစ်ရှည်လေ့ကျင့်သင်ယူရတဲ့ပညာတစ်ခုဖြစ်သလို စက်ချုပ်သမားအများစုဟာ ပညာသင်ကာလမှာဘဲ အချိန် ၊ငွေကြေး၊ စိတ်ပင်ပန်းမှု၊ လူပင်ပန်းမှု စတဲ့ ကြီးမားတဲ့ ရင်းနှီးပေးဆပ်မှုတွေရှိခဲ့ကြတာပါ အဲ့ကြားထဲ သင်တန်းရွေးချယ်မှုပါမှားယွင်းခဲ့ရင် အချိန်/ငွေ ဆုံးရှုံးမှုက ပိုများဦးမှာ
ပညာတွေစုဆောင်းပြီး တတ်မြောက်လို့ အလုပ်ခွင်ထဲရောက်ကြပြီဆိုရင်လည်း ပုံမှန်ဖောက်သည်လေးရဖို့ကို မာနတွေဘေးချ စိတ်ရှည်မှု သည်းခံမှုတွေနဲ့ရင်းနှီးကြရပြန်ပါတယ် ကံမကောင်းစွာနဲ့ ပိုက်ဆံပေးရတယ်ဆိုတိုင်း ကိုယ်ချင်းစာတရားမရှိတဲ့သူတွေနဲ့ကြုံရတဲ့အခါမျိုးမှာ ကိုယ်ဝါသနာပါလို့ကြိုးစားလုပ်ကိုင်နေတဲ့အလုပ်ကို ဆက်လုပ်ဖို့ဝန်လေးသွားတတ်ကြပါတယ်
ပညာမစုံခင် အတွေ့အကြုံတွေမရှိခင် အမှားယွင်းတွေ ဆုံးရှုံးမှုတွေဖြစ်လာခဲ့ရင်လည်း နာမည်နဲ့ရင်းနှီးရတဲ့အလုပ်ဖြစ်တာမို့ ကျော်ဖြတ်နိုင်တဲ့သူက ရှားပါတယ် ဒါကြောင့်လည်း သင်တန်းများစွာက သင်တန်းဆင်းသူ ထောင်သောင်းမက ရှိပေမယ့် မြို့နယ်တိုင်းမှာ အထည်အပ်သူ (ဝယ်လိုအား) ထပ် ချုပ်ပေးနိုင်သူ (ရောင်းလိုအား)က မမျှနေဆဲပါဘဲ အများစုက သူများအပ်ထည်လက်မခံချင်တော့ဘဲ ကိုယ်တိုင်ဘဲချုပ်ဝတ်ကြတော့လို့ပါ
စက်ချုပ်သက်တမ်းရဲ့ အစမှာဆိုရင်လည်း ရတဲ့လုပ်အားခနဲ့ ပြန်ဝယ်ရတဲ့ ကုန်ကြမ်းဖိုး ပြင်ဆင်စားရိတ် ဝန်ထမ်းခ ဆိုင်ခန်းခ မီတာခ တွေဆိုတာ အချိုးတူနေရင်တောင် ကံကောင်း အများစုက အိတ်စိုက်ရတာမျိုးပါ
အချိန်ကာလ ၃နှစ်ကနေ ၅နှစ်အထိရင်းနှီးပြီးတဲ့နောက်မှ ပြီးပြည့်စုံတဲ့စက်ချုပ်ခန်းလေးနဲ့ပုံမှန်လည်ပတ်မှုရှိတဲ့ ဝင်ငွေတစ်ခုကို ရကြတာပါ
၅နှစ်၆နှစ် ဆိုတဲ့အချိန်ကာလကို တစ်စိုက်မတ်မတ် အတွေ့အကြုံပေါင်းစုံနဲ့ ဖြတ်ကျော်လာနိုင်ခဲ့တဲ့ လူနည်းစုကဘဲ ပညာရှင်ဆိုတဲ့နေရာကိုရောက်ပြီး ကိုယ်စိုက်တဲ့အသီး ကိုယ်ပြန်စားရတဲ့ ကာလကိုရောက်ရတာပေါ့နော်
လွယ်လွယ်ကူကူလေး မိဘကအရင်းအနှီးထုတ်ပေးလိုက်တာနဲ့ ရသွားနိုင်တဲ့အရာမဟုတ်လို့ ခုရေတွင်းတူး ခုရေကြည်သောက်ချင်လို့တော့မရပါဘူး
ဝါသနာမပါဘဲ ရွေးချယ်သင့်တဲ့အလုပ်လည်း မဟုတ်ပါဘူး
ဒီပို့စ်လေးက ခုမှသင်တန်းစတက်ပြီး ကိုယ့်ရဲ့အိမ်မက်တွေကို အကောင်အထည်ဖော်ကြမယ် ကိုယ်ဝါသနာပါတဲ့အလုပ်လေးနဲ့အသက်မွေးဝမ်းကြောင်းပြုတော့မယ်လို့ ဆုံးဖြတ်ထားတဲ့ ကလေးတွေလည်း စိတ်ကိုကြိုတင်ပြင်ဆင်ထားဖို့နဲ့ ကိုယ့်ဘယ်လောက်ထိ ဇွဲ လုံ့လ ဝီရိယ ရှိလဲဆိုတဲ့ပေါ်မှာမူတည်ပြီး ကိုယ့်အနာဂတ်ကပုံပေါ်လာမယ်ဆိုတာလေးပြောပြချင်တာပါ