16/06/2026
"အဆင်ပြေပါတယ်" ဆိုတဲ့ စကားလုံးနောက်က လူငယ်တွေရဲ့ ရင်ဘတ်တစ်စုံ"
"အဆင်ပြေပါတယ်" ဆိုတဲ့ စကားလုံးဟာ ဒီနေ့ခေတ် လူငယ်လူလတ်ပိုင်းတွေကြားထဲမှာ အသုံးအများဆုံးနဲ့ အလိမ်ညာဆုံး စကားတစ်ခွန်းလို့ ပြောရင် မှားမယ်မထင်ပါဘူး။
မျက်နှာလေးမှာ အပြုံးအတုတစ်ခု ဆင်မြန်းပြီး "ငါ အဆင်ပြေပါတယ်" လို့ ပြောနေကြပေမဲ့ တကယ်တမ်းတော့ ရင်ဘတ်ထဲမှာ စိတ်ဖိစီးမှုတွေ၊ သောကတွေ၊ အနာဂတ်အတွက် စိုးရိမ်စိတ်တွေနဲ့ မွန်းကြပ်နေတတ်ကြပါတယ်။ လူတွေက ကိုယ့်ကို အားကိုးနေကြလို့၊ ဒါမှမဟုတ် ကိုယ့်အားနည်းချက်ကို သူတစ်ပါးကို မပြချင်လို့ အားလုံးကို ရင်ဘတ်ထဲမှာပဲ သိပ်သည်းထားတတ်ကြတာ သဘာဝပါ။
ဒါပေမဲ့ ဒီလို အထီးကျန်ဆန်စွာနဲ့ "အဆင်ပြေပါတယ်" လို့ ဟန်ဆောင်ရင်း ပင်ပန်းနေတဲ့ လူငယ်တွေရဲ့ ရင်ဘတ်တစ်စုံအတွက် အစ္စလာမ်သာသနာမှာ တကယ့် စိတ်သက်သာရာရစေမယ့်၊ နွေးထွေးစေမယ့် လမ်းညွှန်ချက်တွေ ရှိနေပါတယ်။ အတူတူ ကြည့်လိုက်ကြရအောင်။
၁။ အားလုံးအရှေ့မှာ ဟန်ဆောင်နေပေမဲ့ အလ္လာဟ်အရှင်မြတ်ကတော့ သင့်ကို သိပါတယ်။
လူတွေက ကိုယ့်မျက်နှာက အပြုံးကိုပဲ မြင်ရပေမဲ့ သင့်ရင်ဘတ်ထဲက မွန်းကြပ်မှုနဲ့ နာကျင်မှုကို မြင်နိုင်စွမ်း မရှိကြပါဘူး။ ဒါပေမဲ့ စိတ်မပူပါနဲ့။ သင့်ကို ဖန်ဆင်းထားတဲ့ အလ္လာဟ်အရှင်မြတ်ကတော့ သင့်ရဲ့ အခြေအနေအားလုံးကို အသိဆုံးပါ။ ကုရ်အာန်ကျမ်းမြတ်(စူရဟ် ကွာဖ် - ၁၆)မှာ အရှင်မြတ်က အခုလို မိန့်ကြားထားပါတယ်။
"ငါအရှင်မြတ်သည် လူသားကို ဖန်ဆင်းတော်မူခဲ့လေသည်။ ထို့ပြင် ၎င်း၏စိတ်တွင်း၌ ပေါ်ပေါက်လာသော (တိုးတိတ်လှစွာသော) တွေးတောချက်များကိုလည်း ငါအရှင်မြတ် သိတော်မူ၏။ ငါအရှင်မြတ်သည် ထိုလူသားနှင့် ၎င်း၏ လည်ပင်းသွေးကြောထက်ပင် ပိုမိုနီးကပ်တော်မူလှပေ၏။"
လူတွေအရှေ့မှာ "အဆင်ပြေပါတယ်" လို့ လိမ်ပြောနေရလို့ ပင်ပန်းလာရင် အားလုံးထက် ပိုနီးကပ်နေတဲ့ အရှင်မြတ်အရှေ့မှာပဲ ဒီမျက်ရည်တွေကို အကုန်သွန်ချလိုက်ပါ။ အရှင်မြတ်ဟာ သင့်ရင်ဘတ်ထဲက တိုးတိတ်တဲ့ သောကတွေကိုပါ ကြားသိပြီး အကောင်းဆုံး သက်သာရာရစေမယ့်အရှင် ဖြစ်ပါတယ်။
၂။ သင့်ရင်ထဲက ဝန်ထုတ်တွေကို ဒုအာ (ဆုတောင်းခြင်း) နဲ့ လွှတ်ချလိုက်ပါ။
"အဆင်ပြေပါတယ်" လို့ ပြောပြီး အားလုံးကို ရင်ဘတ်ထဲ မျိုသိပ်ထားတာ ကြာလာရင် စိတ်ကျန်းမာရေး ထိခိုက်လာတတ်ပါတယ်။ တကယ်တော့ အခက်အခဲတွေ ကြုံလာရင်၊ ရင်ဘတ်ထဲ မွန်းကြပ်လာရင် အလ္လာဟ်အရှင်မြတ်ထံမှာ အားကိုးတကြီးနဲ့ ရင်ဖွင့်ဆုတောင်းဖို့ တမန်တော်မြတ် (ဆွ) က သင်ကြားပေးခဲ့ပါတယ်။ တမန်တော်မြတ် (ဆွ) ကိုယ်တိုင်လည်း စိတ်ပူပန်သောက ရောက်ရတဲ့အခါ အခုလို ဒုအာပြုလေ့ရှိပါတယ်။
"အို-အလ္လာဟ်အရှင်မြတ်... ကျွန်ုပ်သည် စိုးရိမ်ပူပန်ခြင်း (Anxiety) နှင့် ဝမ်းနည်းပူဆွေးခြင်း (Sadness) တို့မှ အရှင်မြတ်ထံတွင် ခိုလှုံပါ၏။" (ဆွဟီးဟ် ဗုခါရီကျမ်း)
ဒါကြောင့် စိတ်ညစ်လာရင် အခန်းအမှောင်ထဲမှာ တစ်ယောက်တည်း ကြိတ်ခံစားမနေပါနဲ့။ မုဆလ္လာ (ဖျာ) ပေါ်မှာ ဆူဂျူးဒ် (ဦးချ) တဲ့အနေအထားနဲ့ "အို အလ္လာဟ်... ကျွန်တော် တကယ်မအဆင်ပြေတော့ပါဘူး၊ ကျွန်တော့်ကို ကူညီပါ" လို့ ရိုးရိုးရှင်းရှင်းလေး ဖွင့်ဟတိုင်တည်လိုက်ပါ။ အဲဒီအခါ အံ့ဩစရာကောင်းလောက်အောင် စိတ်ထဲမှာ ပေါ့ပါးသွားတာကို ခံစားရပါလိမ့်မယ်။
၃။ ဒီအခက်အခဲတွေဟာ သင့်ကို ပိုရင့်ကျက်စေဖို့ စမ်းသပ်ချက်တွေပါပဲ
"ငါ့ကျမှ ဘာလို့ ဒီလိုတွေ ဆက်တိုက်ကြုံနေရတာလဲ" ဆိုပြီး စိတ်ဓာတ်ကျစရာ မလိုပါဘူး။ ဘဝမှာ ကြုံရတဲ့ စိတ်ဆင်းရဲမှု၊ စိတ်ပင်ပန်းမှု တိုင်းဟာ အလ္လာဟ်အရှင်မြတ်က ကိုယ့်ကို ပိုမိုရင့်ကျက်တဲ့သူတစ်ယောက် ဖြစ်လာစေဖို့ စမ်းသပ်နေတာ ဖြစ်သလို၊ ကိုယ့်ရဲ့ အပြစ်တွေကို ဆေးကြောပေးနေတာလည်း ဖြစ်ပါတယ်။ တမန်တော်မြတ် (ဆွ) က မိန့်ကြားခဲ့ပါတယ်။
"မွတ်စလင်တစ်ယောက်ဟာ ပင်ပန်းနွမ်းနယ်ခြင်း၊ နာကျင်ခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ ဝမ်းနည်းခြင်း၊ စိတ်ဆင်းရဲခြင်း စတဲ့ ဘယ်လိုဒုက္ခမျိုးမဆို ကြုံတွေ့ရရင် (ဆူးစူးတာလေးကအစ) အလ္လာဟ်အရှင်မြတ်ဟာ ထိုအရာတွေကြောင့် ၎င်းရဲ့ အပြစ်အနာအဆာတွေကို ခွင့်လွှတ်ပယ်ဖျက်ပေးတော်မူပါတယ်။" (ဆွဟီးဟ် ဗုခါရီကျမ်း)
ဒီတော့ ကိုယ်ခံစားနေရတဲ့ နာကျင်မှုတွေဟာ အလဟဿ မဟုတ်ပါဘူး။ ဒါတွေကို အိမာန် (ယုံကြည်ချက်) နဲ့ ဆွဗရ် (သီးခံခြင်း) ထားပြီး ကျော်ဖြတ်မယ်ဆိုရင် အာခိရသ် (တမလွန်) မှာ ကြီးမားတဲ့ အကျိုးကုသိုလ်တွေ ပြန်ရမှာမို့ "ငါ့နောက်မှာ အလ္လာဟ်အရှင်မြတ် ရှိတယ်" ဆိုပြီး အားတင်းထားလိုက်ပါနော်။
၄။ ပင်ပန်းမှုတွေပြီးရင် မုချ အဆင်ပြေလာမှာပါ။
အခုလက်ရှိ ဘယ်လောက်ပဲ မွန်းကြပ်နေပါစေ၊ ဒီအခြေအနေကြီးက ထာဝရ တည်ရှိနေမှာ မဟုတ်ပါဘူး။ အလ္လာဟ်အရှင်မြတ်က ကုရ်အာန်ကျမ်းမြတ်ထဲမှာ အကြိမ်ကြိမ် ကတိပေးထားပါတယ်။
"ဧကန်မုချ အခက်အခဲနှင့်အတူ အဆင်ပြေလွယ်ကူမှုသည် ရှိ၏။ ဧကန်စင်စစ် အခက်အခဲနှင့်အတူ အဆင်ပြေလွယ်ကူမှုသည် ရှိ၏။" (စူရဟ် အက်ရှ်-ရှရ်ဟ် - ၅၊ ၆)
အမှောင်ဆုံးညဉ့်နက် သန်းခေါင်ယံ အချိန်ပြီးရင် လင်းထိန်တဲ့ မနက်ခင်း ရောက်လာသလိုပါပဲ။ အခု ကိုယ်ရင်ဆိုင်နေရတဲ့ "မအဆင်ပြေမှု" တွေဟာ မကြာခင်မှာ တကယ့် "အဆင်ပြေမှု" တွေအဖြစ် အစားထိုး ပြောင်းလဲသွားပါလိမ့်မယ်။
လူတွေအရှေ့မှာ "အဆင်ပြေပါတယ်" လို့ ဟန်ဆောင်ပြီး အားတင်းထားရတာ ပင်ပန်းလှပြီဆိုရင် အလ္လာဟ်အရှင်မြတ်ရဲ့ ရှေ့တော်မှောက်မှာတော့ ဟန်ဆောင်မှုတွေကို ချွတ်ချလိုက်ပါ။
ကိုယ်တိုင် ကြိတ်မှိတ်ခံစားမယ့်အစား အရှင်မြတ်ဆီ အလုံးစုံ အပ်နှံလိုက်ပါ။ သင့်ရင်ဘတ်ထဲက အနာဂတ်သောကတွေ၊ အတိတ်က ဒဏ်ရာတွေကို အကောင်းဆုံး ကုစားပေးပြီး တကယ့် "အဆင်ပြေခြင်း" စစ်စစ်နဲ့ အေးချမ်းမှုကို အရှင်မြတ်က မုချ ချီးမြှင့်ပေးပါလိမ့်မယ်။
#ဝဏ္ဏတင်စိုး