03/09/2021
"ရွေးချယ်နိုင်ခွင့် = အဆင့်အတန်း"
စာရေးဆရာ ရော့ဒိုဘယ်လီက ပြောဖူးပါတယ်၊ "လူ့အဖွဲ့အစည်းတစ်ရပ်ရဲ့ အဆင့်အတန်းကို သိချင်ရင် သူတို့မှာ ဘယ်လောက်ရွေးချယ်ခွင့် ရှိသလဲ ဆိုတာနဲ့ တိုင်းတာရတယ်" တဲ့။
ဥပမာ ကိုယ့်မှာ ငွေ ၁၀ သိန်းရှိတယ်ဆိုရင် ဘယ်ဖုန်းကိုမဆို ၀ယ်လို့ရတယ်၊ ရွေးခွင့်ရှိတယ်။ ဒါပေမဲ့ ကိုယ့်မှာ ၃ သိန်းပဲရှိတယ် ဆိုရင်တော့ ရွေးချယ်စရာ ဖုန်းက နည်းသွားပြီ။ ရွေးစရာ များတဲ့သူက အဆင့်အတန်း ပိုမြင့်တယ်လို့ သတ်မှတ်နိုင်တဲ့ သဘော။
တစ်ဦးချင်းစီအနေနဲ့လည်း စဥ်းစားလို့ ရသလို၊ လူ့အဖွဲ့အစည်းတစ်ခု၊ နိုင်ငံတစ်နိုင်ငံအနေနဲ့လည်း ဒီအချက်နဲ့ ချိန်ထိုးတိုင်းတာလို့ ရတယ်။ ဒီနိုင်ငံ တိုးတက်၊ မတိုးတက်ကို သူတို့ပြည်သူတွေမှာ ဘယ်လောက် ရွေးချယ်စရာ များသလဲ ကြည့်လိုက်ရုံနဲ့ အကြမ်းဖျင်း သိနိုင်ပါတယ်။
ကိုယ့်ရဲ့ အသက်မွေးဝမ်းကျောင်းအလုပ် (Profession) ကို ရွေးရတော့မယ် ဆိုပါတော့။ နိုင်ငံတကာမှာ ဆိုရင်တော့ လူငယ်တွေဟာ သူတို့ဖြစ်ချင်တာ ဖြစ်ပိုင်ခွင့် ရှိတယ်။ အားကစားသမား လုပ်မလား၊ အနုပညာရှင် လုပ်မလား၊ အာကာသထဲ သွားလေ့လာမလား၊ YouTuber လုပ်မလား၊ စာရေးဆရာအဖြစ် ရပ်တည်မယ်ဆိုရင်လည်း ကောင်းကောင်းမွန်မွန် နေနိုင်ရုံမက သန်းကြွယ်သူဌေးတောင် ဖြစ်နိုင်သေးတယ်။ ဒီမှာကျ ဒီလိုမဟုတ်ဘူး။ ရွေးချယ်စရာ အင်မတန် နည်းတယ်။ ဒါကြောင့် မြန်မာနိုင်ငံဟာ လူငယ်တွေအတွက် ရေခံမြေခံကောင်းတဲ့ နေရာတစ်ခု ဖြစ်မနေပါဘူး။
ကြား ၁၀ နှစ်မှာတော့ အတိုင်းအတာတစ်ခုထိ ရွေးစရာတွေ ပေါလာခဲ့သေးတယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေလည်း များလာတယ်။ နယ်ပယ်အသီးသီးမှာ ရွေးစရာတွေ များလာတယ်။
အရင်က ဖုန်းဆို MPT ပဲ ရှိတယ်။ ဈေးကြီးလည်း ဒါပဲ သုံး၊ လိုင်းမကောင်းလည်း ဒါပဲ သုံး။ နောက်ကျ အူရီဒူး၊ တယ်လီနော် စသဖြင့် ရှိလာတယ်။
ဆေးရုံတွေ၊ ဖတ်စရာ စာအုပ်တွေ၊ ရုပ်သံလိုင်း၊ ရေဒီယိုလိုင်းတွေ၊ ဘဏ်တွေ၊ ဈေးဝယ်စင်တာတွေ အများကြီး ဖြစ်လာတယ်။ ပြောရရင် အဲဒီ ၁၀ နှစ်အတွင်း မြန်မာနိုင်ငံဟာ ရုပ်ဝတ္ထုအားဖြင့်တော့ နည်းနည်းလေး တိုးတက်လာတယ် ဆိုရမယ်။
ခုတော့ စစ်တပ်က မတရား အာဏာသိမ်းပြီး ၇ လကျော်ကာလအတွင်းမှာ တိုင်းပြည်ဟာ အဘက်ဘက်မှာ နောက်ပြန်ရောက်သွားတယ်။ ပွင့်လင်းစ Digital business တွေ ရပ်တန့်ကုန်တယ်။ Cashless ခေတ်ကို သွားရမဲ့အစား ငွေစက္ကူတွေကို အသည်းအသန် လိုက်ရှာရတဲ့ ကာလပြန်ဖြစ်သွားတယ်။ နိုင်ငံတကာ လုပ်ငန်းတွေ တစ်ခုပြီးတစ်ခု ရပ်တန့်သွားတယ်။ ဒါတွေသည် ငြင်းမရတဲ့ အမှန်တရားတွေ ဖြစ်တယ်။ (ပြင်ပလောကမှာ ဘာတွေ ဘယ်လို တိုးတက်ဖြစ်ထွန်းနေကြတယ် ဆိုတာ သိလောက်တဲ့ ဗဟုသုတနဲ့ ဥာဏ်ပညာ ရှိမနေရင်တော့ မသိနိုင်ဘူးပေါ့။)
ရွေးချယ်စရာတွေ နည်း နည်းလာတယ် ဆိုတာဟာ တစ်နည်းအားဖြင့် ဒီနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု နောက်ဆုတ်သွားတယ် ဆိုတဲ့ အဓိပ္ပါယ်ပဲ။ GDP တွေ ဘာတွေတောင် တွက်နေစရာ မလိုဘဲ အလွယ်လေး သိနိုင်တာမျိုး။ ဒါကြောင့် ဒီတော်လှန်ရေး အောင်မြင်ဖို့ လိုတယ်။ မဟုတ်ရင် ဒီထက် ဆိုးတဲ့ အခြေအနေ ရောက်သွားလိမ့်မယ်။
၂၀၂၁ နွေဦးတော်လှန်ရေးကို ၈၈ နဲ့ ချိန်ထိုးကြည့်။ အများကြီး ကွာခြားသွားတာကို တွေ့ရပါလိမ့်မယ်။ ၈၈ ရဲ့ သင်ခန်းစာတွေ ကျနော်တို့ ရခဲ့တယ်။ နည်းပညာရဲ့ အားကို ယူနိုင်တယ်။ လူငယ်တွေ အမြင်ပွင့်လင်းလာတယ်။ အမှန် အမှားကို ကောင်းကောင်းခွဲခြားလာနိုင်တယ်။ မှိုင်းတိုက်ရ၊ ဝါဒဖြန့်ရ သိပ်မလွယ်တော့ဘူး။ ပြည်တွင်းက လူတွေရဲ့ စုစည်းမှု၊ တောင့်ခံနိုင်မှုအပြင် နိုင်ငံခြားရောက် မြန်မာတွေရဲ့ ငွေကြေးနဲ့ အတတ်ပညာပိုင်းဆိုင်ရာ ကူညီမှုတွေကလည်း အများကြီး အထောက်အကူ ဖြစ်တယ်။ ဒါဟာ ရှေ့မျိုးဆက်ထက် နောက်မျိုးဆက်က အဆင့်မြင့်လာခြင်းကို ပြနေတာပဲ။ ၂၁ က လူငယ်တွေ ပိုတော်လို့ ဆိုတာထက် ခေတ်ရဲ့ ပံ့ပိုးမှုကို ရလေလေ၊ လူတွေဟာ ပိုပြီး အမြင်ကျယ်လာ၊ လုပ်နိုင်ကိုင်နိုင်လာလေပဲ ဆိုတာကို သိစေချင်တာ ဖြစ်ပါတယ်။
ဒါကြောင့် လူငယ်တွေကို ဘယ်လိုကြိုးစားကြပါ ဆိုတာမျိုး ပြောနေတာအပြင် သူတို့အတွက် ရေခံမြေခံ ကောင်းတဲ့၊ အခွင့်အလမ်းတွေ၊ ရွေးချယ်စရာတွေ ပေါများတဲ့ အခြေအနေတစ်ခုကိုလည်း ဖန်တီးပေးခဲ့ဖို့၊ ချန်ထားပေးခဲ့ဖို့ လိုပါမယ်။
နယူတန်ရဲ့ စကားကို ကိုးကားရရင်တော့ လက်ရှိမျိုးဆက်ဟာ နောက်မျိုးဆက်ကို ကိုယ့်ပခုံးပေါ် တက်ကြည့်ခွင့် မပေးခဲ့နိုင်ဘူးဆိုရင် အဲဒီမျိုးဆက်ကို ညံ့တယ်လို့ပဲ ပြောရပါလိမ့်မယ်။
ကျွန်တော်တို့ မညံ့ချင်ဘူး၊ ညံ့တယ်လို့လည်း အပြောမခံရချင်ဘူး ဆိုရင် ရှင်းပါတယ်။ ရွေးချယ်စရာ များများစားစားရှိတဲ့ ဝန်းကျင်တစ်ခု ပြန်ရလာအောင် ကြိုးစားကြဖို့ပါပဲ။
ဒေါက်တာဖြိုးသီဟ
၃.၉.၂၀၂၁