16/09/2018
"ရာသီလာချိန်နှင့်စိတ်ဓာတ်ကျခြင်း (သို့မဟုတ်) အလွန်အမင်းထိတ်လန့်ဖွယ်ရာစိတ်အခြေအနေတစ်ခု PMDD Premenstrual Dysphoric Disorder"
လင်းတို့ အမျိုးသမီးငယ်လေးတွေတိုင်း လစဉ်ကြုံတွေ့ရတဲ့ အမျိုးသမီးဖြစ်ရခြင်းရဲ့ဒုက္ခတစ်ခုဟာ ရာသီသွေးဆင်းခြင်းပေါ့။နောက်ဆက်တွဲအနေနဲ့ ဖြစ်တတ်တဲ့ ဟော်မုန်းအတက်အကျ အပြောင်းအလဲတွေကြောင့် ဒီလိုအချိန်တွေမှာ ကိုယ်ဟာ ကိုယ်မဟုတ်သလိုတောင် ပြောင်းလဲသွားတတ်ပါတယ်။ကြုံတွေ့ရတဲ့လက္ခဏာ အပျင်းအပျော့တွေက တစ်ယောက်နဲ့တစ်ယောက်လိုက်ပြီး မတူညီဘဲ ကွဲပြားတတ်သလို အမျိုးသမီးငယ်လေးတစ်ယောက်တည်းတောင်မှ တစ်လနဲ့တစ်လမတူအောင် ခံစားရတတ်တာမျိုးတွေရှိပါတယ်။ကိုယ်လက်မအီမသာဖြစ်ရုံမျိုးလေးလောက်ကနေ အလုပ်ပျက်အကိုင်ပျက်လောက်တဲ့ထိ ဗိုက်အောင့်တာမျိုးအပြင် ကိုယ့်ကိုကိုယ်သတ်သေချင်လောက်တဲ့ထိ စိတ်ဓာတ်ကျတာမျိုးလည်းကြုံတွေ့ရနိုင်တာမို့ အထူးကို သတိပြုဂရုစိုက်ရပါမယ်။
လင်းသူငယ်ချင်းမလေးတစ်ယောက်ဆို ဒီလိုအချိန်တွေနားနီးလာရင် သူ့မေမေက သူ့ကို မျက်စိအောက်က အပျောက်မခံဘဲ ဂရုစိုက်ရတယ်တဲ့။ဘာလို့လဲ ဆိုတော့ သူက ဒီလို အချိန်တွေဆို အမြဲသူ့ကိုယ်သူ သတ်သေချင်စိတ်တွေ ပေါ်တတ်လို့ဆိုပြီး လင်းကို ရင်ဖွင့်ပြောပြဖူးတယ်။အမျိုးသမီးငယ်လေးတွေအချင်းချင်း ဝေမျှနားလည်စာနာပေးနိုင်တဲ့ ကိစ္စတစ်ခုပေါ့။
ဟုတ်ပါပြီ။လင်းအခုပြောပြဆွေးနွေးချင်တာက ရာသီလာချိန်အနီးတဝိုက်မှာဖြစ်တတ်တဲ့ စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲတွေအကြောင်းပါ။
လင်းတို့အတော်များများသိပြီးသား ကြားဖူးပြီးသားဖြစ်တဲ့ PMS Premenstrual Syndrome ဆိုတဲ့ ရောဂါလက္ခဏာစုအပြင် ကိုယ့်ကိုကိုယ်သတ်သေချင်တယ်ဆိုတဲ့ထိ စိတ်ဓာတ်တွေကျနိုင်တဲ့ Premenstrual Dysphoric Disorder PMDD ဆိုတဲ့အပြင်းစားလက္ခဏာစုလည်း ရှိပါသေးတယ်။အဲ့ဒီ PMDD မှာရတဲ့ Depression စိတ်ဓာတ်ကျခြင်းဟာ အခြေအနေဆိုးလွန်းလို့ သူ့ကို စိတ်ကျရောဂါအနေနဲ့ပါ သတ်မှတ်ပြီး လိုအပ်ရင် စိတ်ကျရောဂါအတွက်ကုတဲ့ဆေးတွေပါပေးရပါတယ်။ဒီလိုပြင်းထန်တဲ့ရောဂါလက္ခဏာတွေပါတဲ့ PMDD ကိုခံစားနေရပြီဆိုရင်တော့ သားဖွားမီးယပ်ဆရာဝန် သို့မဟုတ် စိတ်ရောဂါအထူးကု ဆရာဝန်နဲ့ သွားရောက်တိုင်ပင်ဆွေးနွေးရပါမယ်။ကုထုံးတွေက ဟော်မုန်းထိန်းညှိခြင်းဟော်မုန်းဆေးဆိုင်ရာကုထုံးတွေအပြင် စိတ်ကျရောဂါကိုကုတဲ့ဆေးတွေပါ လိုအပ်ရင်သုံးရနိုင်ပါတယ်။
လင်း ဒီစာလေးကိုရေးရတာက ဒီလိုအချိန်မျိုးမှာ ဒါမျိုးတွေကြုံတတ်တယ် ဆိုတာသိထားရင် ကိုယ့်ဘက်က သတိထားပြီး ကိုယ့်ကိုကိုယ်ပိုဂရုစိုက်နိုင်ဖို့ပါပဲ။
ကိုယ့်စိတ်တွေ ဂယောက်ဂယက်နဲ့ ကိုယ်ဟာ အရင်လိုမဟုတ်ပါလား လို့ခံစားမိရင် ကိုယ့်ကိုကိုယ် ဒါရာသီလာချိန်နီးလာလို့လားလို့ ပြန်ဆန်းစစ်နိုင်ပြီး ပိုဂရုစိုက်နိုင်အောင်လို့ပါ။
ငါဟဲ့ အာဂအမျိုးသမီး ဆိုပြီး တချိန်လုံး စိတ်သဘောထားကြီးမြတ်ခိုင်မာလွန်းသမျှ ဒီအချိန်နားနီးလာရင် စိတ်တိုမယ်။စိတ်ဆတ်မယ်။စိတ်ထိခိုက်လွယ်မယ်။ဆတ်ဆတ်ထိမခံဖြစ်မယ်။မျက်ရည်လွယ်မယ်။လောကကြီးကိုစိတ်ကုန်မယ်။ဘဝကြီးကအဓိပ္ပါယ်မဲ့မယ်။အသက်ရှင်သန်ချင်စိတ်ကင်းမဲ့မယ်။ဒီလိုဆိုရင်သိလိုက်ပါတော့။ကိုယ့်စိတ်တွေကို ကိုယ်မပိုင်တော့ဘဲ ဟော်မုန်းတွေကခြယ်လှယ်နေပြီဆိုတာ။
ဒီလိုလေး သိလိုက်တယ် ဆိုရင်ပဲ ကိုယ့်မှာ အတော်ကို စိတ်သက်သာရာရပါတယ်။ပြီးရင် ဒါ တွေကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲဆိုတာ နည်းလမ်းလေးတွေရှာလို့ရပြီပေါ့။
မီးကို မီးမှန်းသိလို့ ညှပ်နဲ့ကိုင်တဲ့အခါ မပူတော့သလိုပဲပေါ့။လင်းတို့လည်း ဒီအချိန်ရောက်လာရင် ဖောက်ဖောက်လာတတ်တဲ့စိတ်တွေကို ကိုင်တွယ်ဖို့ နည်းလမ်းလေးတွေ ရှာရတော့မှာပေါ့။
(၁)ဒီလိုစိတ်ထိခိုက်လွယ် စိတ်ဓာတ်ကျလွယ်တဲ့အချိန်မျိုးမှာ ဖြစ်နိုင်ရင် ကိုယ့်ကိုစိတ်ဖိအား အများကြီးပေးနိုင်တဲ့ အလုပ်တွေကို ရှောင်ပါ။လျှော့ပါ။မရှောင်နိုင်ရင် ယောဂကျင့်ပါ။တရားထိုင်ပါ။စိတ်ဖိစီးမှုကိုလျှော့ချနိုင်အောင်လုပ်ပါ။
(၂)အိပ်ရေးဝအောင်အိပ်ပါ။အနည်းဆုံး (၆) နာရီကနေ (၈)နာရီထိအိပ်ပါ။လူက စိတ်မကြည်ရတဲ့ထဲ အိပ်ရေးမဝဘူး ဆိုလို့ကတော့ လုံးဝကို ဂဂျောင်ဖြစ်ပြီပဲ။လင်းဆိုကိုယ်တွေ့။အလိုလိုဝမ်းနည်းလာတယ်ကွယ်တို့ဘာတို့ဆိုပြီး ဝမ်းနည်းသံသရာတွေကရှည်ရော။ပြီးရင်ဂျီစိန်တို့ ရစ်စိန်တို့ဖြစ်ရော။အိပ်ရေးဝမှစိတ်ကြည်လင်လန်းဆန်းမှာဆိုတော့ ဒီလိုအချိန်တွေမှာ အိပ်ရေးဝဝအိပ်ဖို့ အရမ်းကိုအရေးကြီးပါတယ်။
(၃)အာဟာရပြည့်ဝတဲ့အစာတွေစားပါ။ဒီလိုအချိန်ဟာ အားနည်းတဲ့အချိန်မို့ အာဟာရပြည့်ဝတဲ့အစားအစာနဲ့ လတ်ဆတ်တဲ့အသီးအနှံတွေ အသီးအရွက်တွေကိုများများစားပေးရပါမယ်။အဆီများလွန်းတဲ့အစားအစာတွေ ကော်ဖီပြင်းပြင်းခါးခါးတွေရှောင်ပါ။လျှော့ပါ။ဆေးလိပ် အရက်ရှောင်ပါ။လျှော့ပါ။ကိုယ့်ကိုကိုယ်အားရှိစေဖို့ဂရုတစိုက်စားပါနော်။ရေများများသောက်ပါနော်။
(၄)သက်တောင့်သက်သာရှိတဲ့ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ပါ။ပြင်းထန်တဲ့လေ့ကျင့်ခန်းမျိုးမဟုတ်ပါဘူးနော်။
(၅)ကိုယ့်စိတ်ခံစားမှုတွေကို ကိုယ်ကိုယ်တိုင်ထိန်းချုပ်နိုင်ဖို့ ခက်ခဲလာပြီဆိုရင်တော့ ယုံကြည်စိတ်ချရတဲ့ မိခင် အဒေါ် မမ ညီမလေး သူငယ်ချင်း အစရှိသည်ဖြင့် ကိုယ့်နားက သူတွေကို ဖွင့်ပြောတိုင်ပင်ရပါလိမ့်မယ်။သူတို့ဆီက စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ထောက်ပံ့မှု အကူအညီကို ရယူရပါလိမ့်မယ်။လိုအပ်ရင် ဆရာဝန်တွေနဲ့ တိုင်ပင်ဆွေးနွေးဖို့ လိုပါလိမ့်မယ်။
(၆)ကိုယ့်ကို ပျော်ရွှင်စေတဲ့အရာလေးတွေ (Happy box) ကို အရင်တည်းက စာရင်းမှတ်ထားပြီး ဒီလိုအချိန်မှာ ကိုယ့်ကိုကိုယ်ပျော်အောင်ထားပါ။
(၇)ကိုယ့်ကိုကိုယ်အစွမ်းကုန်ပြုစုယုယစောင့်ရှောက်ပါ။နွေးနွေးထွေးထွေးနေပါ။ကိုက်ခဲရင် အန္တရာယ်မဖြစ်စေနိုင်တဲ့အကိုက်အခဲပျောက်ဆေးကို အန္တရာယ်မဖြစ်လောက်တဲ့ အတိုင်းအတာထိသောက်ပါ။ဥပမာ ပါရာစီတမော သို့မဟုတ် Dolfenal or Mefanmaic acid ၁ ပြားကို အစာစားပြီးမှသောက်ပါ။ကိုယ့်ကိုအရိပ်တကြည့်ကြည့် တယုတယထားပြီး ဂရုစိုက်ပါ။သန့်သန့်ရှင်းရှင်းသပ်သပ်ရပ်ရပ်မွှေးမွှေးကြိုင်ကြိုင်နဲ့ပိုလှအောင်နေပါ။
လင်း သိစေချင်တာက ဒီလို အချိန်မှာ စိတ်ထိခိုက်လွယ်မှုတွေကြုံတတ်တယ် ဆိုတာ ဟော်မုန်းအပြောင်းအလဲတွေကြောင့်ဖြစ်တတ်တဲ့ သဘာဝပဲ။စိတ်အားငယ်မိလေခြင်းဆိုပြီး ရှက်စရာကိစ္စမဟုတ်ဘူး ဆိုတာလေး သိစေချင်တာပါ။ကိုယ်ယုံကြည်စိတ်ချရတဲ့သူကိုရှာပြီး ဖွင့်ဟတိုင်ပင်စေချင်တာပါ။တစ်လတစ်ခါခံစားရတဲ့ စိတ်ဒုက္ခငရဲတွင်းကနေ လွတ်ကင်းစေချင်တာပါ။
ကိုယ့်စိတ်ကို ဟော်မုန်းတွေက ခြယ်လှယ်နေပြီလို့ ထင်လိုက်တာနဲ့ ကိုယ့်ကိုဒီလိုစမ်းလို့ဘယ်ရမလဲလေ ဆိုပြီး တန်ပြန်တိုက်ကွက်တွေနဲ့ ကိုယ့်ကိုကိုယ်ဆယ်ဆလောက်ပိုပြီးဂရုစိုက်စေချင်တာပါ။
ဘေးကလူတွေကလည်း ကိုယ့်စိတ်ကလေးတွေ ထိခိုက်အက်ရှလွယ်နေတာကိုသိရင် ပိုပြီး နားလည်ပံ့ပိုးပေးလို့ရတာပေါ့နော်။
ဒီလိုဆို လင်းတို့ပျိုပျိုမေတွေ လစဉ်ကြုံတွေ့ရတဲ့ ပျိုပျိုမေဖြစ်ရခြင်းရဲ့ဝဋ်ဒုက္ခတစ်ခုကို ကောင်းမွန်စွာ ဖြေရှင်းကျော်လွှားနိုင်မယ်လို့ လင်းယုံကြည်မိပါတယ်ရှင့်။
အားလုံး စိတ်ရော ကိုယ်ပါပျော်ရွှင်ကျန်းမာကြပါစေရှင်။
P.S ဒီ Post လေးကို အသုံးဝင်တယ်ထင်လို့ share ချင်တယ် ဆိုရင်လည်း လင်းကို ခွင့်တောင်းစရာမလိုဘဲ share လို့ ရပါတယ်ရှင့်။Sharing means loving kindness လို့အမြဲခံယူထားပါတယ်ရှင့်။
ချစ်ခင်စွာဖြင့်
လင်း