01/07/2025
“ရခိုင်ပြည်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မမှူး (၂) ဦး ထပ်မံသေဆုံးခဲ့”
AA လက်ချက်ဖြင့် စစ်ကောင်စီ ဒုတိုင်းမှူး/တပ်မမှူး ထိခိုက်ဆုံးရှုံးမှု (၁၀) ဦးထိရှိလာ
အာရက္ခတပ်တော်(AA) နှင့် တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်စစ်ဆင်ရေးများအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူးချုပ်အဆင့် တပ်မမှူး (၂) ဦး ထပ်မံသေဆုံးမှုရှိခဲ့ကြောင်း တပ်တွင်းသတင်းရင်းမြစ်များထံက သိရှိရပါသည်။ ပခုက္ကူအခြေစိုက် တပ်မ-၁၀၁ မှူး ဗိုလ်မှူးချုပ်မြင့်ရွှေ နှင့် မိုင်းပန်အခြေစိုက် စကခ-၁၇ မှူး ဗိုလ်မှူးချုပ်ရဲကျော် တို့ (၂) ဦးသည် ၂၀၂၄ ခုနှစ်အတွင်း ထိခိုက်သေဆုံးခဲ့ခြင်းဖြစ်သည်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာ စကခ-၁၇ ကို နမ့်ဖတ်ကာစစ်ဆင်ရေးကနေ ရခိုင်ပြည်မြောက်ပိုင်း မောင်တော နခခ-၅ သို့ စစ်ကူစေလွှတ်ခံရစဉ် စကခမှူး ဗိုလ်မှူးချုပ်ရဲကျော်ဟာ AA ရဲ့ ဖြတ်တောက်တိုက်ခိုက်ခံရကာ သေဆုံးခဲ့ခြင်းဟု သိရသည်။ ကြည်း ၃၁၉၁၄ ဗိုလ်မှူးချုပ်ရဲကျော်သည် စတသ-၄၂ ကျောင်းဆင်းဖြစ်ပြီး ကကကြည်း(G-1)၊ မတူပီအခြေချဗျူဟာမှူး ကနေ ၂၀၂၃ ဧပြီလမှာ စကခ-၁၇ တပ်မမှူးအဖြစ် ရာထူးတိုးလာခဲ့သူဖြစ်သည်။ စစ်မြေပြင်အတွင်း သေဆုံးခဲ့သည့် ဗိုလ်မှူးချုပ်ရဲကျော်ကို စစ်ကောင်စီက ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့က ဗိုလ်ချုပ်အဆင့်တိုးမြှင့်၍ စစ်မှုထမ်းကောင်းတံဆိပ် ချီးမြှင့်ခဲ့သည်။
အလားတူ တပ်မ-၁၀၁ မှူး ဗိုလ်မှူးချုပ်မြင့်ရွှေသည် ရခိုင်ပြည်တောင်ပိုင်း သံတွဲမြို့နယ်တိုက်ပွဲများအတွင်း ၂၀၂၄ ခုနှစ် ဩဂုတ်လဝန်းကျင်က သေဆုံး/ပျောက်ဆုံးခဲ့ဟု သိရသည်။ တပ်မ-၁၀၁ သည် ရှမ်းပြည်နယ်မြောက်ပိုင်း စစ်ဆင်ရေးကနေ တိုက်ပွဲပြင်းထန်နေသည့် သံတွဲမြို့နယ်သို့ စစ်ကူစေလွှတ်ခံရခြင်းဖြစ်ပါသည်။ ကြည်း ၂၉၃၇၄ ဗိုလ်မှူးချုပ်မြင့်ရွှေသည် စတသ-၃၉ အပတ်စဉ်မှဖြစ်ပြီး ကက(ကြည်း) စစ်ရာထူးခန့်ချုပ်ရုံးကနေ တပ်မ-၁၀၁ တပ်မမှူးအဖြစ် ရာထူးတိုးကာ တအာန်းတပ်(TNLA) က ဗိုလ်မှူးချုပ်မင်းမင်းထွန်းကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိပြီးနောက် အစားထိုးရောက်ရှိလာခဲ့သူဖြစ်သည်။
အာရက္ခတပ်တော်နှင့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သည် ဗိုလ်မှူးချုပ်အဆင့် ဒုတိုင်းမှူး နှင့် တပ်မမှူး သေဆုံး (၂) ဦး၊ သေဆုံး/ပျောက်ဆုံး (၄) ဦး၊ စစ်သုံ့ပန်း (၄) ဦး၊ စုစုပေါင်း (၁၀) ဦးထိ ထိခိုက်ဆုံးရှုံးခဲ့သည်။ ထို့အတူ နပခ(အမ်း)တိုက်ပွဲများတွင်လည်း တဆရ(၂/၃၀၀) တပ်မှူး ဗိုလ်မှူးချုပ်ထွန်းထွန်းဝင်း သေဆုံးခဲ့ပါသည်။
Ref_ MDSI