30/04/2026
#အာနာပါနကမ္မဋ္ဌာန်းဟာ ငြိမ်လည်း ငြိမ်သက်တယ်၊ မွန်လည်း မွန်မြတ်တယ်၊
အာနာပါနကမ္မဋ္ဌာန်းကို ပွားများချင်လာအောင် ဘုရားရှင်က အာနာပါနကမ္မဋ္ဌာန်းနဲ့ ပတ်သက်တဲ့ ချီးမွမ်းခန်းကလေး ဖွင့်ထားတယ်။
ချစ်သား ရဟန်းတို့ ... ဒီအာနာပါနဿတိသမာဓိဟာ ပွားများခဲ့မယ် ဆိုရင် ကြိမ်ဖန်များစွာ အလေ့အလာ ပြုခဲ့မယ်ဆိုရင် ဒီအာနာပါနဿတိသမာဓိသည် ငြိမ်လည်း သိပ်ငြိမ်သက်တယ်ကွယ်။ မွန်လည်း သိပ်ပြီးတော့ မွန်မြတ်တယ်။ နောက်ထပ် ထပ်ပြီး လိုနေပါသေးတယ်ဆိုပြီး သွန်းလောင်းစရာလည်း ဘာမှ မရှိဘူး။ ဘာပြောတာလဲ?...
ဘုန်းကြီးတို့ ကသိုဏ်းတစ်ခု ပွားချင်တယ်ဆိုကြပါစို့နော်။ ပထ၀ီကသိုဏ်းတို့လို ကသိုဏ်းတစ်ခု ပွားမယ်ဆိုလို့ရှိရင် ပထမ မြေကြီးမှာ ပွားနိုင်တဲ့ ပုဂ္ဂိုလ်က မြေကြီးမှာ သွားပြီး ညီညာအောင် ညှိရတယ်။ မြက်တွေ ခဲတွေ သစ်ရွက်တွေ မရှိအောင် သန့်ရှင်းအောင် ပြုလုပ်ပြီးတော့ အ၀ိုင်းကလေးပြုလုပ်ရတယ်။ ဒီလိုမှ မဟုတ်ဘဲနဲ့ မိမိ ကျောင်း၀င်းအတွင်းမှာ ပွားချင်တယ်ဆိုလို့ရှိရင်တော့ ပိတ်စလေးတစ်ခု တစ်ပေပတ်လည်၀န်းကျင်လောက်ဖြစ်စေ သည်ထက် အနည်းငယ် ပိုလွန်၍ပဲဖြစ်စေပေါ့။ ဒီပိတ်စကလေးတစ်ခုမှာ မနီလွန်း မမည်းလွန်းတဲ့ မြေတွေနဲ့ အထပ်ထပ် လိမ်းကျံပြီး ခြောက်အောင် အခြောက်ခံရတယ်။ ကြည့်လိုက်တယ်ဆိုလို့ရှိရင် မြေကြီးအ၀ိုင်းကလေးလို့ ထင်ရအောင် ပြုလုပ်ရတယ်။ ပြုလုပ်ပြီးတဲ့ အချိန်အခါကျတော့မှ ဒီကသိုဏ်း၀န်းကလေး ကြည့်ပြီးတော့ ပထ၀ီကသိုဏ်းဘာ၀နာကမ္မဋ္ဌာန်းကို စီးဖြန်းရပါတယ်နော်။ ဒီတော့ ပထ၀ီကသိုဏ်းဆိုတဲ့ ဘာ၀နာတစ်ခုကို စီးဖြန်းချင်တယ်ဆိုရင် ကသိုဏ်း၀န်း ပြုပြင်ခြင်း အစရှိတဲ့ သွန်းလောင်းစရာ ထပ်ထည့်စရာ လုပ်ငန်းရပ်တွေ မများဘူးလား? များကြတယ်။
အကယ်၍ (၃၂)ကောဋ္ဌာသကနေပြီးတော့ ကသိုဏ်းကူးချင်တယ် ဆိုလို့ရှိရင်လည်း ရှေးဦးစွာ သမာဓိတစ်ခုကို အောင်မြင်အောင် ထူထောင်ပြီး (၃၂) ကောဋ္ဌာသတွေကို မြင်အောင် ကြည့်ရပြန်တယ်။ (၃၂)ကောဋ္ဌာသတွေကို မြင်တဲ့ အချိန်အခါကျတော့မှ (၃၂)ကောဋ္ဌာသတွေကို အဇ္ဈတ္တ ဗဟိဒ္ဓ စနစ်တကျက် အဝါး၀စွာ ပွားများနိုင်တဲ့ သူတော်ကောင်းက ဗဟိဒ္ဓ မိမိ ရှေ့တည့်တည့်မှာ မလှမ်းမကမ်းလောက်မှာ လေးတောင်ကွာလောက် ထိုင်နေတဲ့ သူတော်ကောင်းတစ်ဦးရဲ့ ဆံပင်ကို ကြည့်ပြီး အညိုရောင်ကသိုဏ်း ပွားရတယ်။ ဦးခေါင်းခွံကဲ့သို့ အရိုးကို ကြည့်ပြီးတော့ အဖြူရောင်ကသိုဏ်း ပွားရတယ်။ ဒီလိုဆိုလို့ရှိရင် ဒီလို အဖြူကသိုဏ်းလေး အညိုကသိုဏ်းလေး ပွားများဖို့ရန်အတွက်လည်း (၃၂)ကောဋ္ဌာသကို မြင်အောင် ရှုရခြင်းဆိုတဲ့ လုပ်ငန်းရပ်လေးတွေ သွန်းလောင်းစရာလေးတွေ မရှိဘူးလား? ရှိနေပြန်တယ်။ သို့သော် ချစ်သားတို့ ဒီအာနာပါနကျတော့ အဲဒီလို ထပ်ပြီး ထည့်နေဖို့အကြောင်း ဘာမွ မရှိဘူး၊ သွန်းလောင်းစရာ တစ်ခုမှ မရှိဘူး။
ဒီအာနာပါနကမ္မဋ္ဌာန်းဟာ ငြိမ်လည်း ငြိမ်သက်တယ်၊ မွန်လည်း မွန်မြတ်တယ်၊ ဘာကြောင့် ငြိမ်သက်ရသလဲ? ဘာကြောင့် မွန်မြတ်ရသလဲလို့ မေးတော့ အသုဘကမ္မဋ္ဌာန်းတို့လို ကမ္မဋ္ဌာန်းတစ်ခု အားထုတ်မယ်ဆိုရင် အသုဘအလောင်းကောင်ဆိုတဲ့ အာရုံက ရုန့်ရင်းကြမ်းတမ်းနေတဲ့သဘော မရှိဘူးလား? ရှိတယ်။ အာရုံက ရုန့်ရင်းကြမ်းတမ်းတဲ့အတွက် အာရုံဟာ ရွံရှာစက်ဆုပ်တဲ့သဘောလည်း ရှိနေပြန်တယ်။ ရွံရှာစက်ဆုပ်ဖွယ်ကောင်းနေတဲ့ ဒီအာရုံပေါ်မှာ ဘာ၀နာစိတ်ကို ငြိမ်၀ပ်စွာ ကပ်ပြီးတော့ အသုဘဘာ၀နာကို စီးဖြန်းရတယ်။ စီဖြန်းလိုက်တဲ့ အချိန်အခါမှာ ဘာ၀နာသမာဓိရဲ့ စွမ်းအားကြောင့် တဖြည်းဖြည်းတော့ ငြိမ်သက်လာတယ်။ ဒါပေမဲ့ အလောင်းကောင် ဆိုတဲ့အာရုံရဲ့ စွမ်းအင်ကြောင့် ငြိမ်သက်လာတာတော့ ဟုတ်သလား? မဟုတ်ဘူး။ ဘာ၀နာသမာဓိရဲ့ စွမ်းအင်ကြောင့်သာလျှင် ငြိမ်သက်လာရတာ။ အလောင်းကောင်ဆိုတဲ့ အာရုံကို လှမ်းကြည့်မယ်ဆိုလို့ရှိရင် အာရုံအနေနဲ့ ပြောမယ်ဆိုရင် ငြိမ်သက်တဲ့ အာရုံလည်း မဟုတ်ဘူး၊ မွန်မြတ်တဲ့ အာရုံလည်း မဟုတ်ဘူး၊ ရွံရှာစက်ဆုပ်ဖွယ် အာရုံသာ ဖြစ်တယ်။
ဒါပေမဲ့ ဒီအာနာပါနကမ္မဋ္ဌာန်းကို လှမ်းပြီး ကြည့်လိုက်မယ်ဆိုလို့ရှိရင် အာရုံအနေနဲ့ကလည်း ရွံရှာစက်ဆုပ်ဖွယ်ကောင်းတဲ့ အာရုံမျိုး ဟုတ်သလား? မဟုတ်ဘူးနော်။ အကယ်၍များ စျာန်ကို ဆိုက်သွားပြီ ဆိုကြပါစို့။ ပဋိဝေဓခေါ်တဲ့ စျာန်ကို ဆိုက်သွားပြီ။ အာနာပါနကမ္မဋ္ဌာန်းကို အခြေခံပြီး ဈာန်ဆိုက်သွားပြီဆိုလို့ရှိရင်လည်း ဈာန်သမာဓိကို ထွင်းဖောက်သိနေတဲ့ ဉာဏ်ကို ပဋိဝေဓခေါ်ပါတယ်။ ထိုဈာန်သမာဓိကို ထွင်းဖောက်သိနေတဲ့ ပဋိဝေဓအခိုက်သို့ ရောက်သွားပြီဆိုလို့ရှိရင်လည်း ဒီအာနာပါနကမ္မဋ္ဌာန်းသည် ငြိမ်လည်း ငြိမ်သက်တဲ့ ကမ္မဋ္ဌာန်း၊ မွန်လည်း မွန်မြတ်တဲ့ ကမ္မဋ္ဌာန်း မဖြစ်ဘူးလား? ဖြစ်ပါတယ်။
အသုဘကမ္မဋ္ဌာန်းကျတော့ ဈာန်သမာဓိဆိုက်တဲ့ အချိန်အခါကျမှ ငြိမ်သက်မွန်မြတ်တဲ့ ကမ္မဋ္ဌာန်းတစ်ခု ဖြစ်တယ်။ အာရုံအနေအားဖြင့် ငြိမ်သက်မွန်မြတ်တဲ့ ကမ္မဋ္ဌာန်းမျိုး ဟုတ်သလား? မဟုတ်ဘူး။ အာနာပါနကျတော့ အာရုံတွေကလည်း ငြိမ်သက်မွန်မြတ်တယ်။ ပဋိဝေဓခေါ်တဲ့ စျာန်သမာဓိ ဆိုက်ပြီဆိုလို့ရှိရင်လည်း ဈာန်အင်္ဂါတွေရဲ့ စွမ်းအင်ကြောင့် ငြိမ်သက် မွန်မြတ်တဲ့ ကမ္မဋ္ဌာန်းတစ်ခုလည်း ဖြစ်တယ်။ တခြားကမ္မဋ္ဌာန်းတွေနဲ့ တူသလား? မတူဘူး။ ကသိုဏ်းတို့လို ထပ်ပြီး သွန်းလောင်းစရာ အသစ်ထပ်ပြီးထည့်ပေးစရာကော လိုသေးလား? မလိုပြန်ဘူး။ ဒါကြောင့် ဘုရားရှင်က ဒီအာနာပါနဿတိသမာဓိကို ပြန်ပြီးတော့ ချီးမွမ်းထားတယ်နော်။ အားထုတ်ချင်လာအောင် ဆွဲဆောင်ပေးရတယ်။
အာနာပါန အားထုတ်လိုက်လို့ စိတ်ကတော်တော် ငြိမ်သွားပြီ။ စိတ်က တစ်နာရီ နှစ်နာရီ ငြိမ်လာပြီဆိုရင်ပဲ တစ်နာရီ နှစ်နာရီ တန်သလောက်တော့ ချမ်းသာမှု မဖြစ်ဘူးလား? ဖြစ်လာတယ်။ ဒီထက် အဆင့်မြင့်လို့ မိမိက စျာန်သမာဓိကိုသာ ဆိုက်သွားလျှင် ပိုပြီးတော့ မချမ်းသာဘူးလား? ချမ်းသာတယ်။ ဒါကြောင့် ဒီအာနာပါနကမ္မဋ္ဌာန်းဟာ ချမ်းချမ်းသာသာ နေထိုင်ရဖို့ရန် အကြောင်းတရားလည်း ဖြစ်ပါတယ်။ ဒါတွင်လားဆိုတော့ မကသေးဘူး။ ဖြစ်ပေါ်လာတိုင်း ဖြစ်ပေါ်လာတိုင်း အကုသိုလ်တရားတွေလည်း တစ်ခဏချင်းအားဖြင့် ချုပ်ငြိမ်းစေတယ်၊ ကွယ်ပျောက်စေတယ်၊ ငြိမ်းအေးစေတယ်။ ၀င်လေထွက်လေအပေါ်မှာသာ စိတ်ကလေး ငြိမ်အောင် ကပ်ထားပါ။ ယုတ်မာတဲ့ ရာဂ ဒေါသ မောဟစတဲ့ ကိလေသာ အညစ်အကြေးတွေ ၀င်ရောက်ပြီး နှောင့်ယှက်နိုင်တဲ့ စွမ်းအားရှိဦးမလား? မရှိတော့ဘူး။ ၀င်လေထွက်လေအပေါ်မှာ ချက်ချင်း ငြိမ်အောင် လေ့ကျင့်ခန်း အောင်မြင်နေတဲ့ သူတော်ကောင်းတွေ ကြိုးစားလို့ မရဘူးလား? ရတယ်။
တရားမထိုင်မီလေးမှာ လောဘတွေ အထိုက်အလျောက် ဖြစ်ချင်လည်း ဖြစ်မယ်။ ဒေါသတွေ အထိုက်အလျောက် ဖြစ်ချင်လည်း ဖြစ်မယ်။ ဣဿာ မစ္ဆရိယ မာန်မာနတွေ အစရှိတဲ့ အကုသိုလ်တရားဆိုးတွေလည်း အနည်းအကျဉ်း ဖြစ်ချင်လည်း ဖြစ်မယ် ဆိုကြပါစို့။ ချက်ချင်း အာနာပါနကို ကောက်ပြီး နှလုံးသွင်းလိုက်တာနဲ့ ချက်ချင်း သမာဓိဖြစ်သွားတဲ့ သူတော်ကောင်းတွေရဲ့သန္တာန်မှာ ဒီယုတ်မာတဲ့ အကုသိုလ်တရားတွေသည် တစ်ခဏချင်း ချက်ချင်း ငြိမ်းအေးမသွားဘူးလား? ငြိမ်းအေးသွားတယ်။ ဒါကြောင့် ဒီအာနာပါနကမ္မဋ္ဌာန်းဟာ သိပ်ကောင်းပါတယ် ချစ်သားတို့ ... ဆိုပြီးတော့ မြတ်စွာဘုရားက ပွားများချင်လာအောင်နော်။
ဈေး၀ယ်တဲ့ ပုဂ္ဂိုလ်တစ်ဦးကို ဈေးရောင်းတဲ့ ပုဂ္ဂိုလ်တစ်ဦးက မိမိရဲ့ ကုန်ပစ္စည်းလေးတွေကို ၀ယ်ချင်လာအောင် ချီးမွမ်းသလို ဘုရားရှင်ကလည်း သာဝကတွေကို အာနာပါနကမ္မဋ္ဌာန်းကို အားထုတ်ချင်လာအောင် ချီးမွမ်းပေးထားတယ်။ ဒါဖြင့်ရင် ဒီလို ငြိမ်သက်မွန်မြတ်ပြီးတော့ ယုတ်မာတဲ့ အကုသိုလ်တရားတွေကို တစ်ခဏချင်း ကွယ်ပျောက်ရုပ်သိမ်း ချုပ်ငြိမ်းစေပြီးတော့ ချမ်းချမ်းသာသာ နေထိုင်ရခြင်းရဲ့ အကြောင်းရင်းဖြစ်နေတဲ့ ဒီအာနာပါနဿတိသမာဓိကမ္မဋ္ဌာန်းကို ဘယ်ပုံ ဘယ်ပန်း ဘယ်နည်းလမ်းအားဖြင့် ပွားများရမလဲ? ပွားများပုံတွေကို မြတ်စွာဘုရား သုတ္တန် တော်တော်ခပ်များများမှာ ဟောကြားခဲ့ပါတယ်။ ဒါတွေကို ခြုံငုံပြီးတော့ ဘုန်းကြီး လုပ်ငန်းခွင်ကလေးကို အကျဉ်းချုပ်ပြီး နည်းနည်း ဟောဖို့ ရည်ရွယ်ထားပါတယ်။ အကြောင်းကတော့ ဘယ်သုတ္တန် ဘယ်တရားကိုပဲဟောဟော လုပ်ငန်းခွင်ကလေး နည်းနည်းပါမှ တရားနာရတာလည်း အကွက်စေ့တယ်။ ဘုရားရှင်ရဲ့ ဆိုလိုရင်း အနက်အဓိပ္ပါယ် သဘောတရားတွေကိုလည်း ပိုမိုပြီးတော့ နက်ရှိုင်းစွာ နားလည်နိုင်တဲ့သဘော ရှိပါတယ်။ ဒါကြောင့် ဒီနေ့ အာနာပါနဿတိသမာဓိကို အခြေခံပြီးတော့ သမထ-ဝိပဿနာကျင့်စဉ် လုပ်ငန်းရပ်ကလေးတွေကို နည်းနည်း ပြောကြည့်ရအောင် --
အဲဒီတော့ ဒီအာနာပါနဿတိ သမာဓိကမ္မဋ္ဌာန်းနဲ့ ပတ်သက်ပြီးတော့ တရားထိုင်တော့မယ် ဆိုလို့ရှိရင် ထိုတရားထိုင်မယ့် ယောဂီပုဂ္ဂိုလ်သည် ပထမ ရှေးဦးစွာ ဘာလုပ်ရသလဲ? ဆိတ်ငြိမ်တဲ့တစ်နေရာ ချဉ်းကပ်ဖို့တော့ လိုပါတယ်။ ❝ #အရညဂတော ဝါ ရုက္ခမူလဂတော ဝါ သုညာဂါရဂတော ဝါ❞ ဆိုပြီး ဒီလို ဘုရားက နေရာလေးတွေ ညွှန်ကြားပေးထားတယ်။ တောအုပ်ကလေးတစ်ခုအတွင်းသို့ သွားချင်လည်း သွားပါ၊ သစ်ပင်ရိပ်တစ်ပင်အောက်သို့ သွားချင်လည်း သွားပါ၊ ဆိတ်ငြိမ်တဲ့ တစ်နေရာသို့ သွားချင်လည်း သွားပါဆိုပြီး ဆိတ်ငြိမ်တဲ့ တစ်နေရာကို ဘုရားရှင်က ညွှန်ကြားပေးတယ်။ ဘာကြောင့်လဲ?
❝ #သဒ္ဒကဏ္ဍကတ္တာ ဈာနဿ❞- ဆိုပြီးတော့ ဒီလို တချို့နေရာများမှာ ဘုရားဟောထားတာ ရှိပါတယ်။ အသံသည် ပထမဈာန်ရဲ့ ဆူးငြောင့်ခလုတ် ဖြစ်ပါတယ်။ အသံတစ်ခု သမာဓိလေး အတော်အသင့် ငြိမ်နေတဲ့ သူတော်ကောင်းတစ်ဦးအဖို့ အသံ ဒိုးကနဲ ဒေါက်ကနဲဆိုတဲ့ အသံလေးတစ်ခု ပြင်းပြင်းထန်ထန် ကြားလိုက်ရရင် ဒီသမာဓိ ချက်ချင်း လျှောကျသွားတယ်။ ဒါကြောင့် သမာဓိကို ထူထောင်နေတဲ့ သူတော်ကောင်းအဖို့ ဆိတ်ငြိမ်တဲ့ နေရာတစ်ခုကို ရွေးချယ်ဖို့ရန်အတွက် ဘုရားရှင်က ညွှန်ကြားပေးလိုက်တယ်။ ညွှန်ကြားပေးတဲ့အခါ ဘာလုပ်ရမလဲ? တင်ပလင်ခွေ ထိုင်ကြပြီ ဆိုကြပါစို့နော်။ အဲဒီ နေရာကလေးမှာ မိမိ နှစ်ခြိုက်တဲ့နေရာမှာ တင်ပလင်ခွေပြီး ထိုင်ပါ။ အထက်ပိုင်းဖြစ်တဲ့ ခန္ဓာကိုယ်ကို ခပ်ဖြောင့်ဖြောင့်ကလေးထား၊ စိတ်က ဘယ်မှာ ကပ်ထားရမလဲ? ❝ပရိမုခံ သတိံ ဥပဋ္ဌပေတွာ❞ ဆိုပြီး ဒီလို ဘုရားက နေရာကို ညွှန်ပြပေးထားတယ်။ မိမိ ရှုပွားသုံးသပ်မယ့် အာနာပါနခေါ်တဲ့ ၀င်လေထွက်လေ ကမ္မဋ္ဌာန်းအာရုံပေါ်သို့ သတိကို ရှေးရှုကပ်ထားပါတဲ့နော်။ ဘယ်မှာ ကပ်ထားရမလဲ? ၀င်လေ-ထွက်လေအာရုံ။
အဲဒီ ၀င်လေ-ထွက်လေအာရုံက ဘယ်နေရာမှာလဲလို့ မေးရင်တော့ ထိတဲ့နေရာမှာနော်။ နှာသီးဖျားမှာ ထိမှု ထင်ရှားရင် နှာသီးဖျား၊ အထက်နှုတ်ခမ်းမှာ ထိမှု ထင်ရှားရင် အထက်နှုတ်ခမ်း။ အဲဒီ တစ်နေရာ ထိမှု ထင်ရှားတဲ့ တစ်နေရာမှာ စိတ်ကလေး ငြိမ်အောင် ကပ်ထားပါ။ ကပ်ပြီးတော့ ဘာကို ရှုရမှာလဲလို့မေးတော့ ၀င်တဲ့လေ ထွက်တဲ့လေကို ရှုရမှာ။ ဘာကို ရှုရမလဲ? ၀င်တဲ့လေ ထွက်တဲ့လေ။ အဲဒီ လေကို ဘယ်နေရာက စောင့်ကြည့်ရမလဲ? ထိတဲ့နေရာက စောင့်ကြည့်နော်။ ထိတဲ့နေရာသည် ဘယ်နေရာလဲ? နှာသီးဖျား သို့မဟုတ် အထက်နှုတ်ခမ်း၊ ဒီနှစ်ခု တစ်ခုခု ရွေးချယ်ပါနော်။ အထဲဘက်ကို လိုက်ပြီး ရှုလိုက်ရင်တော့ ဓာတ်ကမ္မဋ္ဌာန်းနဲ့ ရောရော သွားတတ်ပါတယ်နော်။ မာတဲ့သဘောတွေ တွန်းကန်လှုပ်ရှားနေတဲ့ သဘောတွေ ပူတဲ့ သဘောတွေ စသည်ဖြင့် ဓာတ်သဘောတွေ ၀င်လာတတ်တယ်၊ နှောင့်ယှက် တတ်တယ်။
ဒါကြောင့် နှာသီးဖျားမှာဖြစ်စေ အထက်နှုတ်ခမ်းမှာပဲဖြစ်စေ၊ နှာသီးဖျားကလည်း နှစ်ပေါက်ရှိနေတော့ ပိုပြီး ထင်ရှားတဲ့ တစ်ပေါက်။ အဲဒီ တစ်ပေါက်မှာလည်း အလယ်ဘက်နီးကပ်တဲ့ နှာသီးဖျားကလေးက ပိုကောင်းပါတယ်နော်။ အဲဒီ နှာသီးဖျားမှာ စိတ်ကလေး ထိသွားတဲ့နေရာမှာ စိတ်ကလေး ကပ်ပြီးတော့ ရှုရမှာ။ ဘာကိုသာ ရှုရမှာလဲ? ထိမှုကို ရှုရမှာလား? ထိတဲ့လေကို ရှုရမှာလားလို့မေးရင် ဘယ်လို ဖြေမလဲ? ထိတဲ့လေကို ရှုရမှာ။ ထိုလေသည် အထဲ၀င်တော့ အထဲကို လိုက်ကြည့်ရမှာလား? မကြည့်ရဘူးလားမေးရင် ဘယ်လို ဖြေမလဲ? မကြည့်ရဘူးနော်။ ထိတဲ့နေရာကပဲ စောင့်ကြည့်ရမယ်နော်။ ထိုလေသည် အပြင်ထွက်သွားတဲ့အတွက် အပြင်ကိုကော လိုက်ကြည့်ရမလားမေးရင် မကြည့်ရဘူး။ ဘယ်က စောင့်ကြည့်ရမလဲ? ထိတဲ့ နေရာက စောင့်ကြည့်ရမှာ။ ထိတာနဲ့ ထိတဲ့လေနဲ့ အဓိပ္ပာယ်ချင်း မတူဘူးနော်။ ထိမှုကို သက်သက်ကြည့်နေတာက ကမ္မဋ္ဌာန်းတစ်မျိုး သွားလိမ့်မယ်။ ထိတဲ့လေကလေးကို ကြည့်နေတာက ကမ္မဋ္ဌာန်းတစ်မျိုး ဖြစ်ပါတယ်။ အာနာပါနကမ္မဋ္ဌာန်း ဖြစ်ပါတယ်။ အဲဒီ ထိတဲ့လေကလေးကို ထိတဲ့နေရာက စောင့်ပြီး ဘာကြောင့် ကြည့်ရတာလဲလို့ မေးရင်တော့ ၀ိသုဒ္ဓိမဂ္ဂအဋ္ဌကထာဆရာတော်က မိမိရဲ့ ၀ိသုဒ္ဓိမဂ္ဂအဋ္ဌကထာမှာ ရေးသားဖော်ပြထားပါတယ်။
ဖုဋ္ဌဖုဋ္ဌောကာသေ ပန သတိံ ဌပေတွာ ဘာဝေန္တဿေဝ ဘာဝနာ သမ္ပဇ္ဇတိ။ (၀ိသုဒ္ဓိ၊၁၊၂၇၁။)
ထိထိသွားတဲ့ နေရာလေးမှာ သတိကလေး ကပ်ပြီးတော့ ဒီအာနာပါနကမ္မဋ္ဌာန်းကို ပွားများအားထုတ်မှ အာနာပါနဿတိသမာဓိဘာ၀နာသည် ပြီးစီးနိုင်တယ်၊ ပြည့်စုံနိုင်တယ်။
ဒီလို ဖွင့်ထားတယ်။ ဒါကြောင့် ဒီစည်းကမ်းက သိပ်အရေးကြီးပါတယ်။ ထိတဲ့နေရာကို လွှတ်ပြီးတော့ လိုက်ကြည့်ရမလား? မကြည့်ရဘူးလားလို့ မေးရင် ဘယ်လို ဖြေမလဲ? မကြည့်ရဘူး။ ထိတဲ့နေရာကနေ စောင့်ပြီးတော့ ပွားများအားထုတ်မှ ဒီအာနာပါနဿတိသမာဓိဘာ၀နာက ပြီးစီးနိုင်တယ်၊ ပြည့်စုံနိုင်တယ်။ ဒီစည်းကမ်းကို ရိုသေစွာ လိုက်နာပါနော်။ ကဲ - ကောင်းပြီ အဲဒီ ထိတဲ့နေရာက စောင့်ပြီးတော့ လေကလေးကို ကြည့်တဲ့အချိန်အခါမှာ မမှတ်ဘဲ မနေနိုင်တဲ့ သူတော်ကောင်း ဖြစ်ခဲ့မယ်ဆိုရင် ဘယ်လို မှတ်မလဲ? ၀င်ရင် ၀င်လေ၊ ထွက်ရင် ထွက်လေ၊ ဒီလို မှတ်နိုင်ပါတယ်။ မမှတ်ဘဲ နေနိုင်တဲ့ သူတော်ကောင်း ဖြစ်ခဲ့မယ်ဆိုရင်တော့ မမှတ်ပါနှင့်။ စိုက်သာ ကြည့်နေပါ ရတယ်။ ၀င်တဲ့လေကိုလည်း ထိတဲ့နေရာမှာ သိတယ်၊ ထွက်တဲ့လေကိုလည်း ထိတဲ့နေရာမှာ သိနေရင် လုံလောက်ပါတယ်နော်။
လုံလောက်တဲ့ အချိန်အခါကျတော့ စိတ်ကလေးက တစ်ခါတလေ ရှုစမှာတော့ အသင့်အတင့် ငြိမ်သလို ထင်ရပေမယ့် တကယ်လက်တွေ့ ရှုလိုက်တဲ့ အချိန်အခါအမှာ အတွေးအခေါ်တွေက ဆွဲဆွဲပြီး ခေါ်သွားတဲ့အတွက် ဒီစိတ်က ဘာ၀နာအာရုံကနေ တခြားအာရုံတွေကို ပျံ့လွင့်ပြီး ထွက်ထွက်ပြီး သွားတတ်ပါတယ်။ အဲဒီလို စိတ်ပျံ့လွင့်မှုတွေက များလာပြီဆိုလို့ရှိရင်တော့ ဘာလုပ်ရမလဲ? အဋ္ဌကထာကြီးများက ရေတွက်တဲ့နည်းလေးကို အသုံးပြုပါဆိုပြီး ညွှန်ကြားထားတယ်နော်။ ရေတွက်တဲ့အပိုင်းမှာလည်း တစ်ကနေ ငါးအထိ၊ အနည်းဆုံး, တစ်ကနေ တစ်ဆယ်အထိ အများဆုံး ရေတွက်ပါ။ ငါးထက်လည်း မနည်းပါနဲ့ တစ်ဆယ်ထက်လည်း မပိုပါနဲ့ဆိုပြီး ဒီလို သတ်မှတ်ချက်ပေးတယ်။
အဲဒီ သတ်မှတ်ချက်အရ များသောအားဖြင့် ယောဂီများကိုတော့ မဂ္ဂင် (၈)ပါးကျင့်စဉ်တရားတွေကို ပူဇော်သောအားဖြင့် တစ်ကနေ ရှစ်အထိ ရေတွက်ခိုင်းပါတယ်နော်။ ဂုဏ်တော် (၉)ပါးကို ပူဇော်သောအနေနဲ့ (၉)အထိ ရေတွက်လည်း ရတယ်။ ဘုရားရှင်ရဲ့ ကိုယ်တော်အား (၁၀)ပါး၊ ဉာဏ်တော်အား (၁၀)ပါးကို ပူဇော်သောအနေနဲ့ (၁၀)အထိ ရေတွက်လည်း ရပါတယ်။ ကိုယ်ကြိုက်သလို ရေတွက်နော်။ ဒါပေမဲ့ တစ်ကနေ (၈)အထိ ရေတွက်တယ်ဆိုကြစို့နော်။
၀င်လေ-ထွက်လေ နှစ်ခုပေါင်းကို ''တစ်''၊
၀င်လေ-ထွက်လေ ''နှစ်''၊
၀င်လေ-ထွက်လေ ''သုံး''၊
၀င်လေ-ထွက်လေ ''လေး''၊
၀င်လေ-ထွက်လေ ''ငါး''၊
၀င်လေ-ထွက်လေ ''ခြောက်''၊
၀င်လေ-ထွက်လေ ''ခုနစ်''၊
၀င်လေ-ထွက်လေ ''ရှစ်''။
တစ်ကနေ (၈)အထိ ငါ့စိတ် ဘယ်မှ မထွက်စေရ။ ဒီလို စိတ်ခပ်ပြင်းပြင်းကလေး ထားပြီးတော့ ၀င်လေ-ထွက်လေကို ရှုရပါတယ်။ ထွက်လေက စရှုရမလား? ၀င်လေက စရှုရမလားမေးရင် ဘယ်လို ဖြေကြမလဲ? ၀င်လေက စရှုတယ်နော်။ နှစ်နည်း ဖွင့်ထားတာတော့ ရှိပါတယ်။ သတ္တဝါများ မိခင်၀မ်းထဲက စပြီး မွေးလာတဲ့အခါမှာ ထွက်လေက အရင် စဖြစ်တယ်ဆိုပြီးတော့ ၀ိနည်းအဋ္ဌကထာများမှာ ဖွင့်ထားတဲ့အတွက် ထွက်လေ-၀င်လေကို ရှုတဲ့ နည်းလည်း ရှိတယ်။ သုတ္တန်အဋ္ဌကထာများကတော့ လုပ်ငန်းခွင်ကို ဖော်ပြတဲ့အတွက် ၀င်လေကနေ စရှုဖို့ရန် ညွှန်ကြားထားတယ်။
အဲဒီတော့ ၀င်လေ-ထွက်လေ ဒီလို ရှုတယ်။ ရှုလိုက်တဲ့အပိုင်းမှာ ရေတွက်ခြင်း ဂဏနာနည်းရဲ့ စွမ်းအင်ကြောင့် စိတ်တွေ တဖြည်းဖြည်း ငြိမ်၀ပ် လာတတ်ပါတယ်လို့ ဒီလို အဋ္ဌကထာက ရှင်းထားပါတယ်။ သို့သော် ဒီနေရာမှာ အလွန် အားကောင်းနေတဲ့ သဒ္ဓါ, ၀ီရိယ, သတိ, သမာဓိ, ပညာတို့ လိုအပ်ပါတယ်။ သဒ္ဓါဆိုတာက ဘာလဲ? ယုံကြည်ချက် စွမ်းအင်ပဲ။ ဒီ၀င်လေထွက်လေကို ရှုနေရင် ငါဟာ စျာန်ကို ရနိုင်တယ်ဆိုတဲ့ ယုံကြည်ချက် စွမ်းအင် အပြည့်အ၀ ရှိဖို့လိုတယ်။ ၀ီရိယ = ၀င်လေ-ထွက်လေအာရုံပေါ်မှာ မိမိရဲ့ စိတ်ကလေးကို ငြိမ်၀ပ်စွာ ကပ်ပြီး တည်နေအောင် ကြိုးစားအားထုတ်နေတဲ့ ဇွဲလုံ့လ၀ီရိယ ရှိဖို့လိုတယ်။ ပျော့ညံ့ ပျော့ညံ့ လုပ်နေလို့တော့ ရပါ့မလား? မရဘူး။
အရိုးကြွင်းစေ၊ အရေကြွင်းစေ၊ အကြောကြွင်းစေ၊ အသားအသွေးတွေ ခန်းခြောက်ချင် ခန်းခြောက်သွားပါစေ၊ ယောက်ျားတို့ရဲ့ ဇွဲလုံ့လ၀ီရိယ အမျိုးသမီးတို့ရဲ့ ဇွဲလုံ့လ၀ီရိယနဲ့ ရနိုင်တဲ့ အရာမှန်ခဲ့ရင် ၀ီရိယရဲ့ နောက်ဆုတ်ပြီး ရပ်တန့်နေခြင်းမည်သည် ဘယ်တော့မှ မဖြစ်စေရဘူး။ ခိုင်မြဲတဲ့ ဆုံးဖြတ်ချက်၊ ခိုင်မြဲတဲ့ ကြိုးစားအားထုတ်မှု၊ အင်္ဂါလေးတန်နဲ့ ပြည့်စုံတဲ့ ၀ီရိယ ခြံရံပြီးတော့ ကြိုးစားရပါတယ်နော်။ နောက်တစ်ခုက ဘာလဲ?
သတိ = ၀င်လေ-ထွက်လေကို အမှတ်ရနေတဲ့ သတိ, ထင်ရှားစေတဲ့ သတိ, ကပ်ပြီး တည်နေတဲ့သတိ အားကောင်းရမယ်။ ဥပဋ္ဌာန = ၀င်လေထွက်လေအပေါ်မှာ အမှတ်ရနေတဲ့သတိ အားကောင်းလာရင် ဒီ၀င်လေထွက်လေသည် တစ်စတစ်စ ထင်ရှားနေပါတယ်။ ထင်ရှားနေတဲ့ ဒီ၀င်လေထွက်လေအာရုံမှာ ဒီသတိရဲ့ စွမ်းအင်ကြောင့် ဘာဖြစ်လာသလဲ? စိတ်သည် တဖြည်းဖြည်း ငြိမ်၀ပ်စွာ ကပ်ပြီးတော့ တည်လာတယ်၊ သမာဓိဆိုတဲ့ စွမ်းအား ၀င်လာတယ်။ အဲဒီ သမာဓိဆိုတဲ့ စွမ်းအင် ၀င်လာပြီဆိုလို့ရှိရင် နောက်တစ်ခု ဘာ၀င်လာသလဲ? ဒီ၀င်လေ-ထွက်လေဆိုတဲ့ သဘောတရားကလေးကို ထင်ထင်ရှားရှား သိနေတဲ့ ပညာ ၀င်လာတယ်။ ပေါင်းလိုက်တော့ ဣန္ဒြေ ဘယ်နှစ်ပါးလဲ? (၅)ပါး။ သဒ္ဓါ, ၀ီရိယ, သတိ, သမာဓိ, ပညာ။
ဘာဖြစ်လို့ ဒီတရား (၅)ခုကို ဣန္ဒြေခေါ်လဲလို့မေးတော့ --- ၀င်လေထွက်လေ အာနာပါနကမ္မဋ္ဌာန်းကို ရှုပွားနေတဲ့ ဘာ၀နာစိတ်အစဉ်ကို ဘေးအာရုံတွေသို့ ရောက်မသွားအောင် ထိန်းချုပ်ထားနိုင်တဲ့ စွမ်းအင်ရှိလို့ သူတို့ကို ဣန္ဒြေလို့ ခေါ်တာနော်။ ထိန်းချုပ်ထားနိုင်တဲ့ စွမ်းအား ရှိတယ်။ ဗိုလ် (၅)ပါးလို့လည်း ခေါ်တယ်။ စွမ်းအားကြီး (၅)ရပ်ပဲ။ အလွန်အားကောင်းတဲ့ စွမ်းအားပါ။ စိတ်ရဲ့ စွမ်းအင်ကြီး (၅)ရပ်ပဲ။ သဒ္ဓါ, ၀ီရိယ, သတိ, သမာဓိ, ပညာ, ဗိုလ် (၅)ပါးပဲ။ အဲဒီ ဗိုလ် (၅)ပါး ခြံရံပြီးတော့ ဒီ၀င်လေ-ထွက်လေကို စနစ်တကျ ရှုတတ်ဖို့တော့ လိုပါတယ်။
စဉ်းစားခန်းလေးတွေ ခပ်အေးအေး ခပ်ဖြည်းဖြည်း စဉ်းစားလိုက်။ အင်း ဒီလိုတော့ ဖြစ်တန်ကောင်းရဲ့ ထင်တယ်။ မနက်ဖြန် အိမ်ပြန်လိုက်ရင်တော့ ကောင်းမလား? မသိဘူး၊ ဟိုကလည်း မှာနေတယ်၊ ဒီကလည်း မှာနေတယ်၊ ဟိုသွားရကောင်းနိုးနိုး ဒီသွားရကောင်းနိုးနိုး စသည်ဖြင့် အဲဒါလေးတွေကို ထိုင်ပြီး ပြုံးပြုံး ပြုံးပြုံးနဲ့ တရားထိုင်နေတယ်။ ထိုင်တာကတော့ တရားပဲ။ ယောဂီတွေ မျက်နှာကြည့်လိုက်တော့ ပြုံးပြုံး ပြုံးပြုံး ဖြစ်နေတယ်။ ဟုတ်ပလား? ဘာတွေ လုပ်နေတာလဲ? စိတ်ကူးနေတယ် စိတ်ကူးနေတယ်။ အဲဒီ ကြံစည်စိတ်ကူးမှုတွေ အားများနေမယ်ဆိုလို့ရှိရင် ငြိမ်သက်မှု စွမ်းအင်တွေ လျော့မသွားဘူးလား? လျော့သွားပြီ။
ဒီတော့ လုပ်ငန်းခွင်တစ်ခု လုပ်တဲ့အချိန်အခါမှာ ဒီ သဒ္ဓါ, ၀ီရိယ, သတိ, သမာဓိ, ပညာ-ခေါ်တဲ့ စွမ်းအင်ကြီး ငါးရပ်က စနစ်တကျ ၀င်လာဖို့ လိုအပ်ပါတယ်နော်။ လိုအပ်တဲ့အတွက်ကြောင့် ခုနက အဋ္ဌကထာဆရာတော်ကြီးများက ခုနက စိတ်ကလေးက အကယ်၍ မငြိမ်မသက် ဖြစ်နေခဲ့မယ်ဆိုရင်တော့ ရေတွက်တဲ့ ဂဏနာနည်းလေးကို အသုံးပြုဖို့ ညွှန်ကြားတယ်။ အဲဒီလို ရေတွက်တဲ့အပိုင်းမှာလည်း တချို့ယောဂီများက ❝စိတ်ကမငြိမ်ဘူးဘုရား❞ ဆိုပြီး လာလျှောက်ပြန်တယ်။ ကဲ - ဘယ့်နှယ်လုပ်မလဲ?
အဲဒီမှာ သိပ်ပြီး စိတ်က မငြိမ်ရင်တော့ အဋ္ဌကထာဆရာတော်များက ရေတွက်တဲ့နည်းတွေကို အမျိုးမျိုး ဖော်ပြထားပါတယ်။ အဲဒီ အမျိုးမျိုးထဲက နောက်တစ်နည်းကတော့ (ဓညမာပက ဂဏန = ) စပါးခြင်သမားရဲ့ ရေတွက်တဲ့နည်းဆိုပြီး ဖော်ပြထားတယ်။ စပါးခြင်နေတဲ့ ပုဂ္ဂိုလ်များက စပါးကို ခြင်ပြီဆိုရင် တောင်းထဲကို စပါးတွေ ထည့်တယ်၊ ထည့်တဲ့အချိန်အခါကစပြီး တစ်လို့ ရေတွက်တယ်။ မပြည့်မချင်း ❝တစ်-တစ်❞ပဲ ရေတွက်နေတယ်။ ပြည့်သွားပြီ နောက်ထပ် လောင်းလိုက်ပြီ၊ လောင်းလည်း ❝တစ်❞ပဲ ရေတွက်နေတယ်။ လောင်းပြီးလို့ စပါးကုန်သွားပြီ တင်းတောင်းထဲ စပါးမရှိတော့ဘူးဆိုမှ ❝တစ်❞ ရပ်လိုက်တယ်။ နောက်ထပ်တစ်ခါ ထပ်ပြီး ဒုတိယအကြိမ် နှစ်တင်းလောက် ထပ်ချိန်ရင်လည်း ခြင်တဲ့စပါး စပြီး ထည့်တဲ့အချိန်အခါကစပြီး ❝နှစ်-နှစ်❞လို့ပဲ ရေတွက်နေတယ်။ ပြည့်သွားလို့ နောက်ထပ် မလောင်းမချင်း ❝နှစ်❞ချည်း ရေတွက်နေတယ်။ လောင်းပြီးတဲ့ အခါကျတော့မှ ❝နှစ်❞ကို ရပ်လိုက်တယ်။
အဲဒီ ပုံစံအတိုင်းပဲ - ၀င်လေ-ထွက်လေကလေးကို ခပ်အေးအေး ခပ်မှန်မှန် စိတ်ကလေး ထားပြီးတော့ အသက်ရှူရတယ်။ အဲဒီလို အသက်ရှူလိုက်တဲ့ အချိန်အခါမှာ ၀င်လေ-ထွက်လေက ခပ်အေးအေး ခပ်မှန်မှန် ခပ်ကြာကြာ အချိန်ကြာကြာကလေး ဖြစ်နေတယ်ဆိုတဲ့ အချိန်အခါမှာ စ၀င်နေတာကနေပြီးတော့ ဆုံးတဲ့အထိ, စထွက်နာကနေ ဆုံးတဲ့အထိ အားလုံး တောက်လျှောက်လုံးမှာ ❝တစ်-တစ်-တစ်-တစ်❞ မပြီးမချင်းပေါ့နော်။ ၀င်လေ-ထွက်လေ နှစ်ခုပေါင်း မပြီးမချင်း အဲဒီလို ❝တစ်❞ချည်းပဲ ရေတွက်နေပါ၊ ခပ်များများကလေ ရေတွက်ပေးရတယ်။ ပြီးသွားပြီဆို ❝တစ်❞ကို ရပ်လိုက်။ နောက်တစ်ချိန် ဒုတိယအကြိမ် စပြီးတော့ ❝နှစ်-နှစ်-နှစ်-နှစ်❞ မပြီးမချင်း ရေတွက်နေရတယ်။ အဲဒီ စနစ်အားဖြင့် ရှေးရှုရေတွက်ကြည့်ပါ။ အဲဒီလိုဆိုရင်တော့ ရေတွက်ခြင်း ဂဏနာနည်းရဲ့ စွမ်းအင်ကြောင့် စိတ်သည် ငြိမ်၀ပ်လာတတ်ပါတယ်။ နာရီ၀က်လောက်ဖြစ်စေ တစ်နာရီလောက်ဖြစ်စေ ငြိမ်၀ပ်လာပြီ။ သုံးလေးရက်လောက် ဆက်တိုက် ငြိမ်ပြီဆိုလို့ရှိရင်တော့ ရေတွက်တဲ့နည်း လွှတ်နိုင်ပါတယ်နော်။ လွှတ်ပြီးတဲ့ အချိန်အခါကျတော့မှ ရေတွက်ခြင်း ဂဏနာနည်းကို လွှတ်ပြီးတော့ ဘာကို ရှုရမလဲ? လုပ်ငန်းခွင်နဲ့ ပတ်သက်ပြီးတော့ ဘုရားရှင်က ဟောပြီ။ အဲဒီအခါကျတော့မှ --
သော သတောဝ အဿသတိ၊ သတောဝ ပဿသတိ။ (မ၊၁၊၇၀။)
ထိုယောဂါ၀စရရဟန်းတော်သည်။ သတိရှိသည်ဖြစ်၍သာလျှင်။ ၀င်သက်လေကို ဖြစ်စေ၏။ သတိရှိသည်ဖြစ်၍သာလျှင်။ ထွက်သက်လေကို ဖြစ်စေ၏။
သတိကလေး ရှိလျက် ၀င်သက်လေကို ဖြစ်အောင် ကျင့်ပါ။ သတိကလေး ရှိလျက် ထွက်သက်လေကို ဖြစ်အောင် ကျင့်ပါ။ သတိရှိလျက် အသက်ရှူနေပါ။
ဘုရားရှင် နှစ်ခြိုက်တဲ့ အသက်ရှူနည်း ဖြစ်ပါတယ်။ ဒီနေ့ ယောဂီတွေ တရားနာနေတဲ့ ပုဂ္ဂိုလ်တွေအားလုံး အသက်မရှူကြဘူးလား? ရှူကြပါတယ်။ ဘုရားရှင် နှစ်ခြိုက်တော်မူတဲ့ ဘုရားရှင်ရဲ့ အလိုတော်ကျအတိုင်း အသက်ရှူတတ်ရင် အရဟတ္တဖိုလ်အထိ ရနိုင်ပါတယ်။ ဘုရားရှင်ရဲ့ အလိုတော်အတိုင်း အသက်ရှူတတ်ပြီလားလို့မေးရင် ဘယ်လို ဖြေမလဲ? မရှူတတ်သေးဘူးလို့လည်း ဖြေတဲ့လူ ရှိတယ်နော်။ ရှူတတ်တယ်လို့ ဖြေတဲ့ ပုဂ္ဂိုလ်လည်း ရှိပါတယ်။ ဘုန်းကြီးဘက်ကတော့ နှစ်မျိုးလုံး လက်ခံပါတယ်နော်။ ဘာဖြစ်လို့လဲ?
ရှူတတ်တဲ့ ပုဂ္ဂိုလ်လည်း ရှိတန်သလောက် ရှိလို့ပါ။ မရှူတတ်သေးတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိတန်သလောက် ရှိနေပါသေးတယ်။ ဘုရားရှင်ရဲ့ အလိုတော်ကျအတိုင်း အသက်ရှူလိုက်တဲ့အခါ ဘယ်အထိ ဆိုက်နိုင်သလဲ? အရဟတ္တဖိုလ်အထိ ဆိုက်နိုင်ပါတယ်။ ဒါကြောင့် အသက်ရှူနေတာ နေ့စဉ် ဖြစ်တယ်၊ နေ့တိုင်း အသက်ရှူတယ်၊ အချိန်တိုင်းလိုလို အသက်ရှူနေတယ်။ အသက်ရှူတတ်လို့ရှိရင် အရဟတ္တဖိုလ် ရနိုင်တယ်ဆိုရင် ဒီလို နည်းစနစ်မျိုးတွေ သိထားဖို့ မကောင်းဘူးလား? သိပ်ကောင်းတယ်နော်။ လေ့ကျင့်ဖို့လည်း မကောင်းဘူးလား? ကောင်းပါတယ်။ ဘာမှဆွေမတော် မျိုးမတော်တဲ့ ငမူးတစ်ကောင်ကို သွားပြီး ကျွန်ခံနိုင်သေးတယ်ဆိုရင် တစ်သက်လုံး အရိုက်ခံပြီးတော့ ကျွန်ခံနိုင်သေးတယ်ဆိုရင် ပိုက်ဆံတစ်ပြားမှ မကုန်တဲ့ ဒီအသက်ရှူ-နည်းလေးတွေကို ပိုပြီးတော့ လေ့ကျင့်ဖို့ မကောင်းဘူးလား? (ကောင်းပါတယ်ဘုရား) အသံက ခပ်တိုးတိုးပဲနော်။ (ကောင်းပါတယ်ဘုရား) အဲ - ဟုတ်ပြီ ဟုတ်ပြီ။
ကဲ - အဲဒီလို သတိမြဲရမယ်ဆိုတာက ဘယ်လောက် မြဲရမလဲလို့ မေးတော့ --- ၀င်သက်လေမှာ (၁၆)မျိုးသော အခြင်းအရာ၊ ထွက်သက်လေမှာ (၁၆)မျိုးသော အခြင်းအရာအားဖြင့် သတိမြဲပါစေလို့ ဒီလို ဘုရားရှင်က ဟောထားတယ်။ အဲဒီ (၁၆)မျိုးမှာ --- နံပါတ် (၁) လေးမျိုး၊ စတုက္ကလို့ ခေါ်ပါတယ်။ နံပါတ် (၁) လေးမျိုးကို ဘုရားရှင် ဘယ်လို စဟောသလဲ?
ဒီဃံ ဝါ အဿသန္တော ❝ဒီဃံ အဿသာမီ❞တိ ပဇာနာတိ။ ဒီဃံ ဝါ ပဿသန္တော ❝ဒီဃံ ပဿသာမီ❞တိ ပဇာနာတိ။
အသက်ရှူတဲ့ အချိန်အခါမှာ ၀င်သက်လေက ရှည်ရင် ရှည်တယ်လို့ သိပါ။ တိုရင် တိုတယ်လို့ သိပါ။ ရှည်တယ်ဆိုတာက ဘာပြောတာလဲ? အသက်ရှူနှေးတာကို ပြောတာ၊ တိုတယ်ဆိုတာက ဘာပြောတာလဲ? အသက်ရှူမြန်တာကို ပြောတာ။ နှေးအောင်လည်း မကြိုးစားပါနဲ့၊ မြန်အောင်လည်း မကြိုးစားပါနဲ့၊ ပုံမှန်သာ ရှုမြဲ အသက်ရှူပါ။ အဲဒီလို ပုံမှန် အသက်ရှူပေမဲ့လို့ တစ်ခါ အသက်ရှူတာနဲ့ တစ်ခါ အသက်ရှူတာ ညီတူညာတူတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ တစ်ခါတလေ အသက်ရှူတာက စိတ်ငြိမ်လာရင် နှေးချင်နှေးသွားတတ်တယ်၊ တစ်ခါတလေ အသက်ရှူတာက စိတ်ငြိမ်လာပြီ ဆိုရင် မြန်ချင်လည်း မြန်နေတတ်တယ်။ စိတ်တော်တော်ကလေး ငြိမ်တဲ့ အချိန်အခါကျမှ ဒီအဆင့်ကို ကူးပါ။ အဲဒီတော့ အဲဒီလို ရှည်ရင် ရှည်တယ်လို့ သိမယ်။ နောက်တစ်ခု ဘာသိရမလဲ?
ရဿံ ဝါ အဿသန္တော ❝ရဿံ အဿသာမီ❞တိ ပဇာနာတိ။ ရဿံ ဝါ ပဿသန္တော ❝ရဿံ ပဿသာမီ❞တိ ပဇာနာတိ။
အသက်ရှူ တိုရင် တိုတယ်လို့ သိပါ။ တိုတယ်ဆိုတာက ဘာပြောတာလဲ? အသက်ရှူနှေးတာ။ နံပါတ် (၁)က အရှည်၊ နံပါတ် (၂)က အတို။
ဒီတစ်ထိုင်မှာတော့ ငါ အရှည်ကို ရှူမယ်ဆိုပြီး သက်သက် ရှည်အောင် လုပ်မရှူနဲ့၊ သမာဓိမဖြစ်ဘူး။ ဒီတစ်ထိုင်မှာ ငါ အတိုကို ရှူမယ်ဆိုပြီး တိုအောင် သက်သက် လုပ်ပြီးတော့ မရှူနဲ့၊ သမာဓိ မဖြစ်ဘူးနော်။ ပုံမှန်သာ ရှူပါ။ ပုံမှန်ရှူတဲ့ အချိန်အခါမှာ တစ်ခါတစ်ရံ အသက်ရှူက နှေးချင်နှေးမယ်။ နှေးရင်လည်း နှေးတဲ့အတိုင်း သိနေပါ။ အရှည်လို့လည်း မမှတ်နဲ့။ မမှတ်ဘဲ မနေနိုင်လို့ မှတ်ချင်တယ်ဆိုရင် ဘာလုပ်ရမလဲ ၀င်လေ-ထွက်လေ ဒီလိုပဲ မှတ်ပါ။ တစ်ခါတစ်ရံ အသက်ရှူက တိုချင်လည်း တိုမယ်၊ နှေးချင်လည်း နှေးသွားမယ်၊ နှေးလည်း နှေးတဲ့အတိုင်းပဲ သိနေပါ။ ဒီလောက်ပါနော်။ သိနေရင် ပြီးပါတယ်။
ဒီတော့ အဲဒီမှာ ၀င်သက်လေ-ထွက်သက်လေကို ရှုတဲ့အပိုင်းကလေးမှာ ရှည်လည်း ရှည်တဲ့အတိုင်း တောက်လျှောက်သိ၊ တိုလည်း တိုတဲ့အတိုင်း တောက်လျှောက်သိ။ တောက်လျှောက်ဆိုတာက အထဲ လိုက်ရမလား? အပြင် လိုက်ရမလားဆိုတော့ မလိုက်ပါနဲ့။ ထိတဲ့နေရာကို လွှတ်ရမလား? မလွှတ်ရဘူးလား? မလွှတ်နဲ့။ ထိတဲ့နေရာမှာ တောက်လျှောက်သိနေဖို့ လိုအပ်တယ်နော်။ ၀င်သည်ဖြစ်စေ ထွက်သည်ဖြစ်စေ ထိထိနေတဲ့ နေရာကနေပြီးတော့ တောက်လျှောက်သိရမယ်။ ဘာကို သိရမလဲ? လေကို သိရမယ်။ ဘာလေလဲ? ၀င်လေ-ထွက်လေ။ အဲဒီ ၀င်သက်လေ-ထွက်သက်လေ အရှည် အတိုကို စနစ်တကျသိအောင် စိတ်ခပ်အေးအေးလေးထားပြီး ရှုလိုက်တော့ ဒီ ရှည်နေ တိုနေတဲ့ လေအာရုံမှာ ဘာ၀နာစိတ်သည် တစ်နာရီ နှစ်နာရီလောက် ငြိမ်၀ပ်စွာ ကပ်ပြီး တည်သွားတတ်ပါတယ်။
ဒီအပိုင်းမှာ ပါရမီအတော်အသင့် ရင့်ညောင်းနေတဲ့ သူတော်ကောင်း ဖြစ်ခဲ့မယ်ဆိုရင်တော့ နိမိတ် စပေါ်လာတတ်ပါတယ်နော်။ တစ်ဦးနဲ့ တစ်ဦးတော့ မတူဘူး။ တချို့ယောဂီက အလင်း စပြီးတော့ ပေါ်တတ်တယ်။ တချို့ ယောဂီက နိမိတ် အရင်စပြီး ပေါ်တတ်ပါတယ်။ အတိတ်က ဆည်းပူးထားတဲ့ ပါရမီ အရှိန်အဝါတွေအပေါ်မှာ မူတည်တယ်လို့ ယူဆရပါတယ်နော်။ ဒီတော့ အဲဒီမှာ အရှည် အတိုကို ရှုနေတဲ့အပိုင်းကလေးမှာ နိမိတ်က ပေါ်လို့ရှိရင်လည်း နောက်တတိယအဆင့် ကူးရတယ်။ မပေါ်ဘူးဆိုရင်လည်း ဒီအရှည် အတိုမှာ သုံးရက်လောက်အထိတော့ အနည်းဆုံး ကြိုးစားကြည့်ပါ။ ထိုင်တိုင်း ထိုင်တိုင်း တစ်နာရီ တစ်နာရီကျော်ကျော် တစ်နာခွဲလောက်အထိ စိတ်က ငြိမ်၀ပ်စွာ ကပ်ပြီး တည်နေပြီ။ နိမိတ်ကတော့ မပေါ်ဘူးဆိုရင်လည်း ကိစ္စ မရှိဘူး။ နောက်တတိယ ညွှန်ကြားချက် မြတ်စွာဘုရားရဲ့ ညွှန်ကြားချက်ကို ကူးရမယ်။ ဘုရားရှင်ရဲ့ တတိယညွှန်ကြားချက်က ဘာလဲ?
❝သဗ္ဗကာယပ္ပဋိသံဝေဒီ အဿသိဿာမီ❞တိ သိက္ခတိ။ ❝သဗ္ဗကာယပ္ပဋိသံဝေဒီ ပဿသိဿာမီ❞တိ သိက္ခတိ။
၀င်လေ-ထွက်လေရဲ့ အစ အလယ် အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိအောင် အသက်ရှူပါ။ အသက်ရှူနည်းတစ်မျိုး တိုးမလာဘူးလား? တိုးလာတယ်။ ရှည်ချင်လည်း ရှည်ပါစေ တိုချင်လည်း တိုပါစေ။ တစ်နည်းပြောရင် အသက်ရှူတာ နှေးချင်လည်း နှေးပါစေ၊ မြန်ချင်လည်း မြန်ပါစေ။ ထိတဲ့နေရာကလေးကနေ စပြီးတော့ ၀င်တာကနေ ဆုံးတဲ့အထိ တောက်လျှောက် အကုန်လုံး သိပါစေ၊ စထွက်တာကနေ ဆုံးတဲ့အထိ အကုန်လုံး တောက်လျှောက် သိနေပါစေ၊ သိအောင် ကျင့်ပါ။ ဒီလို ညွှန်ကြားထားတယ်။
ဒီနေရာမှာ စိတ်ကို အလွန် ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်နေတယ်။ ကိလေသာတွေမှ မ၀င်အောင် မိမိရဲ့ စိတ်ကလေးကို ထိန်းသိမ်းစောင့်ရှောက်ခြင်းက သီလ။ ၀င်လေ-ထွက်လေအာရုံပေါ်မှာ စိတ်ကလေးကို ငြိမ်၀ပ်စွာ ကပ်ပြီး တည်နေအောင် ကြိုးစားခြင်းက သမာဓိ။ ၀င်လေ-ထွက်လေကို အစ အဆုံး အကုန်လုံး ထင်ထင်ရှားရှား သိနေခြင်းက ပညာ။ ဒီ သီလ, သမာဓိ, ပညာ သိက္ခာသုံးရပ် အကျင့်မြတ်တွေကို ဒီနေရာမှာ စုံအောင် ကျင့်စမ်းပါလို့ ဘုရားရှင်က ကျင့်စေလိုတဲ့အတွက် --
(မင်္ဂလသုတ္တန်တရားဒေသနာတော်) စာအုပ်မှ
ဖားအောက်တောရဆရာတော်
Ashin Dhammarakkhita
Crd မူလဖော်ပြသူ 🙏