24/12/2021
“ကလေးငယ်အတွက် စာဖတ်ကျင့် ပြုစုပျိုးထောင်ခြင်း - ဒေါက်တာစိမ့်”
စာဖတ်ပျင်းရင် နားထောင်ရန် 》》 https://youtu.be/Ir4OEO9Hs0U 《《
(ကလေးကျန်းမားရေး videos တွေ တစ်စုတစ်ဝေးတည်းကို ကြည့်ချင်ရင် Doctor Seint Youtube channel https://youtube.com/channel/UCXvJJactkGGSdPW6ggXGAew မှာ "Child Health" ဆိုတဲ့ playlist ထဲမှာ စုပေးထားပါတယ်။)
ဘယ်လိုစာအုပ်မျိုးကို ဖတ်သင့်သလဲ တဲ့။ ဒါဟာ အမေးများတဲ့ မေးခွန်းပါ။ အမေးများသလို အဖြေစကားတွေလည်း မျိုးစုံကြားရပါတယ်။ ကျမအနေနဲ့ကတော့ ကလေးဆေးရုံမှာ တာဝန်ထမ်းဆောင်ခဲ့ရတဲ့အတွက် ကလေးတွေအကြောင်းကို ပိုပြီး စိတ်ဝင်တစားလေ့လာဖြစ်ပါတယ်။ ကျမ ကလေးကျောက်ကပ်ဆောင်မှာ night duty ဆင်းတုန်းကဆိုရင် ကလေးတစ်ယောက်ဟာ တစ်ညလုံးမအိပ်ဘဲ မနက် (၅) နာရီ ထိုးတဲ့အထိ ဖုန်းကို ထိုင်ပွတ်နေတာတွေ့ရပါတယ်။ ဘေးက သူ့အမေကတော့ အိပ်ပျော်နေလေရဲ့။ အဲဒါနဲ့ ကျမလည်း သူ့အမေကို နှိုးပြီးပြောတော့မှ ကလေးကို ဆူပူပြီး အတင်းအိပ်ခိုင်းတော့တယ်။
ကျမတို့အိမ်နားက ကလေးတွေလည်း ကျမဆီကိုလာလည်တဲ့အခါကျရင် ပြောနေကျစကားဟာ ကျမခပ်ငယ်ငယ်တုန်းက အိမ်ကိုလာလည်တဲ့ ကလေးငယ်တွေ ပြောတဲ့စကားနဲ့ သိပ်မတူတော့ပါဘူး။ အရင်တုန်းကဆိုရင် "မမရေ သမီးကို ပုံပြောပြပါ" လို့ မကြာခဏ ပူဆာတတ်ကြတယ်။ ကိုယ့်မှာ တစ်ခါ တစ်လေကျရင် ပုံပြင်အသစ်တွေဖတ်ပြီးရင် သူတို့လေးတွေအလာကို မျှော်နေရတာ အမော။ အခုကလေးတွ ကတော့ ကျမပြောတဲ့ မောင်စိတ်ကောင်းပုံပြင်၊ မထွေးလေးပုံပြင်၊ ခွန်ဆန်လောနဲ့ နန်းဦးပြင်းပုံပြင်တွေကို စိတ်မဝင်စားကြတော့ပါဘူး။ သူတို့ စိတ်ဝင်စားတာကတော့ "တီိတီ့ဖုန်းထဲမှာ ဘာဂိမ်းရှိလဲ" ဆိုတာပါပဲ။
"ဒီကလေးက သိပ်တတ်တာပဲ။ ကြည့်ပါဦး။ လည်လိုက်တာများ"
ဖုန်းစခရင်ကို ကျွမ်းကျင်ပိုင်နိုင်စွာ တို့ထိကိုင်တွယ်နေတဲ့ ကလေးငယ်ကို ကြည့်ပြီး လူကြီးတွေ သဘောကျစွာ ရေရွတ်ပြောဆိုတတ်တဲ့ စကားပါ။ ဟုတ်ပါတယ်။ ကလေးရဲ့ ဥာဏ်ရည်ဥာဏ်သွေးကို ကျမ အသိအမှတ်ပြုပါ တယ်။ ဒါပေမယ့် ကျမ သဘောမကျပါဘူး။ ဒါကောင်းတဲ့အချင်းအရာတော့ သိပ်မဟုတ်ဘူး ထင်တယ်။ ကလေး ငယ်တွေကို စိတ်ပူလို့ပဲဖြစ်ဖြစ်၊ ကိုယ်က တတ်နိုင်လို့ပဲဖြစ်ဖြစ် ဟန်းဖုန်းတွေ ဝယ်ပေးထားတာဟာ အကောင်း ဘက်ကို အများကြီး ဦးတည်မယ်လို့ ကျမ မထင်ပါဘူး။ ကလေးတွေအတွက် ကျမတကယ်ကို စိုးရိမ်မိပါတယ်။
ကျမကတော့ ကလေးငယ်လေးတွေရဲ့ အနားမှာ တယ်လီဖုန်းတွေ၊ ဂိမ်းစက်တွေ၊ အီလက်ထရောနစ် ပစ္စည်းတွေအစား စာအုပ်လေးတွေကို ပိုပြီးထားပေးစေချင်ပါတယ်။ သူတို့လေးတွေကို စာအုပ်တွေနဲ့ အရင်ဦး ဆုံး ရင်းနှီးစေချင်တယ်။ ပြီးမှ ကျန်တာတွေပေးလို့လည်း နောက်မကျပါဘူး။ ဒီတော့ ကလေးငယ်တွေအနားမှာ ဘယ်လိုစာအုပ်မျိုးတွေ ထားပေးကြမလဲ။ တူတူစဉ်းစားကြရအောင်နော်။
📖 အရင်ဆုံးအနေနဲ့ စာရွက်တွေ၊ စက္ကူတွေ၊ အလွတ်တွေပေါ့။ သူတို့ကို ပေးထားလိုက်ပါ။ လုပ်ချင်တာ လုပ်ပလေ့စေ။ ဆုတ်ချင်ဆုတ်။ ဖြဲချင်ဖြဲ။ အဓိကက စာရွက်ဆိုတာနဲ့ သူတို့လေးတွေကို ရင်းနှီးထိတွေ့မှု ရှိစေဖို့ပါပဲ။
(၁) Board Books
☆☆☆☆☆☆☆☆
ကဒ်ထူပြားလိုမျိုး၊ ကလင်ဒါလိုမျိုးလေးပေါ့။ နံရံမှာ ချိတ်ဆွဲလို့ရမယ်။ ကကြီး၊ ခခွေး၊ အေ၊ဘီစီကို ရောင်စုံအရုပ်လေးတွေနဲ့ သရုပ်ဖော်ထားမယ်။ ၁၊ ၂၊ ၃ နဲ့ 1,2,3 လည်း ပါမှာပေါ့လေ။ ဒါလေးတွေဟာ ၁နှစ်၊ ၂ နှစ်ကနေ ၃၊ ၄၊ ၅ နှစ်အထိ ကလေးငယ်တွေကို အတော်လေး ဆွဲဆောင်နိုင်ပါလိမ့်မယ်။ ဒီဘုတ်လေးတွေကို သူတို့နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ ထိတွေ့ကိုင်တွယ်ကြည့်မယ်၊ ကစားမယ်၊ ကိုက်မယ်၊ ဆွဲစုတ်ပစ်မယ်၊ မျိုးစုံလုပ်ကြည့်မယ်ပေါ့။ ဒါပေမယ့် ဒီဘုတ်လေးတွေက ခံနိုင်ရည်ရှိပါတယ်။ တော်ရုံ မပျက်စီး တတ်ပါဘူး။
ဒီဘုတ်လေးတွေဟာဆိုရင် ကလေးငယ်လေးတွေရဲ့ လက်ချောင်းလေးတွေကို စာမျက်နှာတွေ တစ်ရွက်ပြီး တစ်ရွက်လှန်ဖတ်ရတဲ့ စာဖတ်ခြင်းဆိုတဲ့ဖန်တီးခြင်းအနုပညာရပ်ဆီ ဦးတည်သွားစေပါတယ်။ ဒီနေရာမှာ ipad, tablet တို့နဲ့ စာဖတ်သူတွေကိုတော့ ဒီစာရွက်တစရွက်ချင်းလှန်ရတဲ့ အရသာအကြောင်း မပြောတော့ပါဘူး။
(၂) သရုပ်ပြစာအုပ် (Picture-story books)
☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆
နောက်တစ်ခုကတော့ ရုပ်ပြစာအုပ်လေးတွေပါ။ ရုပ်ပြစာအုပ်လေးတွေလို့ ပြောတဲ့နေရာမှာ ကျမတို့ငယ်ငယ် က ရင်းနှီးခဲ့တဲ့ ရွှေသွေး၊ ဘိုဘို၊ တွက်ပီတို့လို ကာတွန်းစာအုပ်လေးတွေအပြင့်Baby Day Out ဇာတ်ကားထဲက ကလေးငယ်လေးကြိုက်တဲ့ ပုံပြင်ရုပ်ပြ (ဇာတ်ကားထဲမှာတော့ ဘူးဘူ လို့ခေါ်ပါတယ်)။ အနောက်နိုင်ငံမှာ တော့ အဲဒီစာအုပ်လေးကို ညအိပ်ရာဝင်ချိန်ရောက်ရင် မိဘဖြစ်သူက ဇာတ်လမ်းကို စိတ်ဝင်စားဖို့ကောင်းအောင် အသံနေအသံထားနဲ့ ဖတ်ပြရတဲ့ဓလေ့ အင်မတန်ခေတ်စားပါတယ်။
ဒီစာအုပ်လေးတွေက ကလေးငယ် လေးတွေအတွက် အင်မတန်သင့်တော်ပါတယ်။ ဇာတ်လမ်းဇာတ်ကွက်လေးတွေကို သေချာသရုပ်ဖော်ထား သလို ဇာတ်လမ်းထဲမှာမပါတဲ့ တချို့သောအရာလေးတွေကိုလည်း ပုံလေးတွေကိုကြည့်လိုက်ရုံနဲ့ နားလည်ခံစားလွယ်ပါတယ်။ ဒီစာအုပ်လေးတွေဟာ ကျောင်းနေစကလေးတွေကို အမူအကျင့်ကောင်းလေးတွေ နူးညံ့စွာစွဲမြဲစေပြီး သူတို့ဘဝရဲ့ အမြတ်နိုးဆုံးစာအုပ်လေးတွေ ဖြစ်လာတတ်ပါတယ်။
ပြီးတော့ ကလေးတွေကိုယ်တိုင် Activity တွေလုပ်လို့ရအောင် ပဟေဠိစာအုပ်လေးတွေ ဖြစ်ဖြစ် ဒါမှမဟုတ် ကာတွန်းစာအုပ်တချို့တွေ အနောက်မှာတော့ ပဟေဠိလေးတွေပါတတ်ပါတယ်။ ကလေးတွေကိုယ်တိုင် ပါဝင်လို့ရတဲ့ ဥာဏ်စမ်းပဟေဠိလေးတွေဟာ သူတို့လေးရဲ့ စဉ်းစားဆင်ခြင်ဥာဏ်ကို ပံ့ပိုးပေးပြီး စာအုပ်အနောက် ဆုံးကအဖြေနဲ့ ကိုယ့်အဖြေကို တိုက်ရတဲ့အရသာကိုလည်း ကလေးတွေ နှစ်ခြိုက်ပျော်ရွှင်ကြပါလိမ့်မယ်။
(၃) ဒဏ္ဍာရီပုံပြင်စာအုပ်တွေ
☆☆☆☆☆☆☆☆☆☆☆☆
ကျမတို့နေထိုင်တဲ့ကမ္ဘာကြီးက ယဉ်ကျေးမှုအမွေနှစ်တွေ၊ သမိုင်းအစဉ်အလာတွေ၊ ယုံကြည်မှုဓလေ့ထုံးတမ်း စဉ်လာတွေ အင်မတန်နက်နဲကျယ်ပြန့်ပါတယ်။ ဒါတွေအကြောင်း ကိုယ့်ကလေးကို ငယ်ငယ်ကတည်းက မပြောပြဖြစ်ခဲ့ဘူး၊ တနည်းဆိုရရင် ရင်းနှီးအောင် အစမပျိုးပေးနိုင်ခဲ့ဘူးဆိုရင် လူသားတစ်ယောက်အနေနဲ့ ရှက်ဖို့ကောင်းတယ် ပြောရမယ်။ ဂရိဒဏာရီလိုမျိုး ကမ္ဘာအရပ်ရပ်က ဒဏ္ဍာရီတွေ၊ သက်ရှိမျိုးစိတ်တွေရဲ့ ဆင့်ကဲဖြစ်စဉ်တွေ၊ ဒါတွေကို အမြည်းအစမ်းလောက်တော့ ကလေးတွေကို ရင်းနှီးစေချင်တယ်။
🧚♀️ ဒါကြောင့် တစ်ထောင့်တစ်ညပုံပြင်များ၊ စင်ဒရဲလားပုံပြင်၊ တရုတ်နတ်သမီးပုံပြင်တွေ၊ သုံးဆယ့်ရှစ်ဖြာ မင်္ဂလာပုံပြင်များ၊ ဇာတ်တော်ကြီးဆယ်ဘွဲ့ လိုစာအုပ်တွေကို ကလေးငယ်တွေနဲ့ လက်ပွန်းတတီးရှိအောင် ထားပေးထားသင့် တယ်လို့ ထင်တာပဲ။
စာဖတ်ခြင်းအားဖြင့် ဦးနှောက်ရဲ့ activity ကိုမြင့်တက်စေပြီး ပုံမှန်သွေးတဲ့ ဓားလို ဥာဏ်ရည်ဥာဏ်သွေးကို ထက်မြက်စေပါတယ်။ ပုံပြင်ဇာတ်လမ်းထဲက အရာတွေကို ဖတ်ရင်းနဲ့ စိတ်ကူးထဲမှာ လိုက်လံပုံဖော်ရင်း၊ ရှေ့မှာ ဘာဆက်ဖြစ်မယ်ဆိုတာ ကြိုတင်ခန့်မှန်းရင်းနဲ့ ကလေးတွေရဲ့ ဦးနှောက်ကို Train ပေးသလိုဖြစ်ပြီး စာဖတ်စွမ်းရည် ဥာဏ်ရည်သွေးတွေကို မြင့်တက်စေပါတယ်။ စာအုပ်ထဲကပုံပြင်တွေဟာ ပါးစပ်ကနေတဆင့် တဆင့် ပြောလာရာကနေ ဖြစ်တည်လာကြတာပါပဲ။
🦊 Folktales and Fables လို့ခေါ်တဲ့ ပညာပေးပုံပြင်လေး တွေဟာဆိုရင် လောကနီတိနဲ့အတူ၊ ယဉ်ကျေးမှုဓလေ့ထုံးစံတွေ၊ ရာဇဝင်နောက်ခံတွေနဲ့ ဘဝသင်ခန်းစာတွေ ကို အခြေခံထားတာဖြစ်ပြီး စာအုပ်တွေ မဝယ်ပေးဖြစ်သေးရင်တောင်မှ ကလေးတွေကို ကိုယ်က ပြောပြသင့်တဲ့ အရာတွေပါ။
(၄) သုတစာပေ
☆☆☆☆☆☆☆
ကလေးတွေက အင်တာနက်တွေ၊ ဖုန်းတွေကို ဘယ်လောက်ပဲ ကျွမ်းကျင်ပိုင်နိုင်ပါတယ်ပြောပြော၊ သူတို့ဟာ အရာခပ်သိမ်းကို အင်တာနက်ကနေပဲ မလေ့လာနိုင်ပါဘူး။ အင်တာနက်ကိုလည်း လေ့လာဖို့ထက် အပန်းပြေ ဖို့ကို ဦးစားပေးသုံးကြတာများပါတယ်။ ရသပုံပြင်ဝတ္ထုမဟုတ်တဲ့ သုတစာပေတွေဟာ ကလေးတွေအတွက်တော့ ကမ္ဘာကြီးရဲ့အချက်အလက်၊ အသိပညာ၊ အတတ်ပညာတွေကို ထုတ်ပိုးထားတဲ့ လက်ဆောင်တစ်ခုလို ပါပဲ။
ကလေးတွေ ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းအရာ၊ ဘာသာရပ်တစ်ခုခုကို လေ့လာနီးကပ်ခွင့်ရစေပြီး ဒါဟာ သူတို့ရဲ့ အနာဂတ်အတွက်ကောင်းတဲ့ အထောက်အပံ့ပါပဲ။ အတ္ထုပ္ပတိစာအုပ်၊ တိရိစ္ဆာန်တွေအကြောင်း၊ တောတောင်ရေမြေအကြောင်း၊ သုတစွယ်စုံကျမ်း၊ သမိုင်းကြောင်းစာအုပ်တွေ၊ ရာဇဝင်ကျမ်း၊ သိပ္ပံစာပေ စတာ တွေကိုလည်း ကလေးတွေအတွက် ဝယ်ပေးထားသင့်ပါတယ်။
(၅) ကဗျာစာအုပ်
☆☆☆☆☆☆☆
အရမ်းအရေးကြီးတယ်လို့ ကျမထင်ပါတယ်။ ကဗျာကို မခံစားတတ်ဘူးဆိုတဲ့ လူတွေကို ကျမအံ့သြမိတယ်။ ကဗျာထဲက စာတစ်လုံးဟာ စကားပြေစာကြောင်းတွေ အများကြီးထက်လေးနက်ကျစ်လစ်တဲ့ ခွန်အားသတ္တိ တွေ၊ အဓိပ္ပါယ်တွေရှိနေတယ်ဆိုတာကို ကလေးတွေကို သိစေချင်တယ်။ နားလည် ခံစားတတ်စေချင်တယ်။ ကဗျာဆရာတစ်ယောက်ချင်းစီရဲ့ ကဗျာတွေ၊ ဒါမှမဟုတ် ကဗျာဆရာမျိုးစုံရဲ့ ကဗျာတွေ၊ ကဗျာတစ်ပုဒ်တည်း ကိုပဲ ပုံစံအမျိုးမျိုးရေးဖွဲ့ထားတဲ့ စာအုပ်တွေ စသဖြင့် အစုံရှိပါတယ်။
ဆရာကြီးမင်းသုဝဏ်ရဲ့ ကလေးကဗျာလေးတွေဆိုရင် ကျမတို့ကလေးဘဝကတည်းက အခုထိလွှမ်းမိုးထားနိုင်ပြီး နူးညံ့သိမ်မွေ့တဲ့ စာရိတ္တအသိတွေ၊ ဘဝခွန်အားတွေ ပေးနေဆဲပါပဲ။ ရွတ်ဆိုရတာချိုသာတဲ့ ဒီလိုကလေးကဗျာလေးတွေဆိုရင် ကလေးတွေအတွက် ပျော်ရွင်စေတဲ့အပြင် ဘာသာစကားနဲ့ အသံထွက်စွမ်းရည်တွေလည်း တိုးတက်စေပါတယ်။
(၆) ကိုယ်တိုင် ငယ်ဘဝကနှစ်သက်မြတ်နိုးခဲ့တဲ့ စာအုပ်တွေ
☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆
ကိုယ်ကြိုက်သလိုမျိုး ကိုယ့်ကလေးကလည်း ကြိုက်လိမ့်မယ်လို့တော့ တစ်ထစ်ချ မယူဆထားသင့်ဘူး။ ဒါပေမယ့် အဲဒီလိုဆိုလို့လည်း ကိုယ်ကြိုက်တဲ့စာအုပ် ကလေးကို ပေးမဖတ်ရဘူးလို့တော့ မဟုတ်ပါဘူး။ ကိုယ်ကြုံခဲ့ဖူးတဲ့ စာအုပ်တစ်အုပ်ရဲ့ ထူးခြားလေးနက်တဲ့ အတွေ့အကြုံရသတွေကို ကိုယ့်ကလေးကိုလည်း ပြန်လည်ဝေမျှရင်း သူနဲ့လည်း တိုက်ဆိုင်သွားတာမျိုး၊ ဒါမှမဟုတ်လည်း option တစ်ခုအနေနဲ့ သိစေတဲ့ သဘောလောက်ပေါ့။
အားလုံးပြီးရင်တော့ ဗလာစာအုပ်အလွတ်လေးတွေလည်း ပေးထားပါဦး။ သင့်ကလေးရဲ့ စိတ်သဏာန်ထဲက အရာတွေကို သူတို့လေးတွေ ချရေးချင်လာတာပဲ ဖြစ်ဖြစ်၊ ရေးဆွဲချင်လာတာပဲ ဖြစ်ဖြစ် အဆင်သင့်ဖြစ်နေအောင်ပါ။
🌟 ရာဘင်ဒြာတဂိုးရဲ့ ငယ်ဘဝက ကဗျာလေးတွေကို သူ့ဖခင်ဟာ တွေ့သွားပြီး ဘုရင်မင်းမြတ်ဆီ ပြသတဲ့အခါမှာ ချီးမြှင့်မြှောက်စားခြင်းကို ခံခဲ့ရပြီး ဒီနေ့အထိ လူသားအားလုံးရဲ့နှလုံးသား ထဲမှာ ရှင်သန်နေတဲ့ ကမ္ဘာ့စာဆိုတစ်ယောက်ဖြစ်နေတာပါပဲ။ ပြီးတော့ ဆရာမင်းလူရဲ့ ငယ်ငယ်တုန်းကရေးခဲ့ တဲ့ဝတ္ထုအမည်ခံ စာလေးတွေကို ဆရာ့မေမေက သတိထားပြီး သိမ်းဆည်းခဲ့ဖူးတယ်ဆိုတာ ကျမ မှတ်ခဲ့ဖူးပါတယ်။
ဒါကြောင့် ကလေးငယ်ရဲ့ဗီဇကို အထောက်အပံ့ပေးတဲ့ စာကောင်းတွေ ပေးပြီးတဲ့အပြင် ထုတ်ဖော်ဖို့ အခွင့်အလန်းလည်းဖန်တီးပေးပြီး ဂရုတစိုက် စောင့်ကြည့်သင့်ပါတယ်။ ကိုယ့်ကလေးဟာ ကြီးကျယ်မြင့်မြတ်တဲ့ လူတစ်ယောက် မဖြစ်လာဘူးလို့ ဘယ်သူက ပြောနိုင်မှာတဲ့လဲ။
ဒေါက်တာစိမ့် (For Your Health For Your Beauty)
Good Health Journal မှ ဆောင်းပါးကို ပြန်လည်ဖော်ပြသည်။