14/11/2023
မင့်ရို့ဆိုင်က ပြည်နယ်အစိုးရရုံးနှင့် နီးပြီးကေ လမ်းလည်းပိတ်ထားလို့ ဆိုင်ကို အေ ၁ရက် ၂ရက် လောက်ပိတ်ထားပါဖို့နန်း onlineကတော့ မှာယူလို့ရပါရေ 💓💓
■ စစ်တွေတွင် ပြည်နယ်စစ်ကောင်စီ ရုံးချုပ်ကို အရပ်လေးမျက်နှာမှ လုံခြုံရေးယူထား
Western News| နိုဝင်ဘာ ၁၄
ရခိုင်ပြည် မြို့တော် စစ်တွေရှိ ပြည်နယ်စစ်ကောင်စီရုံးချုပ်ကို အရပ်လေးမျက်နှာတွင် ရဲတပ်၊ စစ်တပ် အများအပြားဖြင့် လုံခြုံရေးတင်းတင်းကျပ်ကျပ် ချထားပြီး ပြည်သူများကိုလည်း သွားလာခွင့် ပိတ်ပင်ထားကြောင်း ဒေသခံများက ပြောဆိုကြသည်။
ပြည်နယ်စစ်ကောင်စီရုံးချုပ် (ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးဟောင်း) သို့ သွားရာ လမ်းပေါက်များအားလုံးကို ပိတ်ပင်ထား၍ ရပ်ကွက်နေပြည်သူများ သွားလာရေး အခက်အခဲဖြစ်နေကြကြောင်း အမည်မဖော်လိုသည့် စစ်တွေ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
"စစ်ကောင်စီ ရုံးချုပ်ကို လုံခြုံရေးယူတာက ယူပေါ့။ အခုက လမ်းတွေအားလုံးကို ပိတ်လိုက်တာက ကျနော်တို့ ဘယ်လိုသွားမလဲ။ သူတို့ပိတ်တာက အရပ်လေးမျက်နှာကနေ ပိတ်လိုက်တော့ အဲအထဲမှာ ပြည်သူ ထောင်ချီပိတ်နေတာပေါ့။ အလုပ်ကိစ္စနဲ့လည်း အပြင်မထွက်ရဘူး " ဟု ပြောသည်။
ပြည်နယ်စစ်ကောင်စီရုံးသို့ သွားရာလမ်းပေါက်များဖြစ်သည့် လောကနန္ဒာမီးပွိုင့်လမ်း၊ ကျောင်းကြီးလမ်းနှင့် မင်းဘာကြီးလမ်း လေးခွဆုံ၊ ပြည်နယ်ရဲတပ်ဖွဲ့ရုံးရှေ့နှင့် ပြည်နယ်ဥပဒေချုပ်ရုံးရှေ့ စသည့် အရပ်လေးနှာတွင် အင်အားအများအပြားဖြင့် လမ်းများအားလုံးကို ပိတ်ဆို့ထားခြင်းဖြစ်သည်။
စစ်ကောင်စီ၏ ရုံးဝန်ထမ်းများ၊ အရာရှိများနှင့် ဝန်ကြီးအဖွဲ့များသာ သွားလာခွင့်ရှိပြီး ဒေသခံပြည်သူများအား သွားလာခွင့် လုံးဝ မပေးကြောင်း မျက်မြင်ဒေသတစ်ဦးက ပြောသည်။
"စစ်ကောင်စီရုံးချုပ်နားမှာရှိတဲ့ ကျနော်သူငယ်ချင်းအိမ်ကို ကိစ္စတစ်ခုနဲ့ သွားတာ။ ရဲတွေက သွားခွင့်မပေးဘူး။ ဘာဖြစ်လို့ ပိတ်ထားတာလဲ မေးရင်လည်း ဘာမှ ပြန်မပြောဘူး။ အထဲက သူတွေလည်း သွားလာခွင့်မပေးဘူး။ သူတို့ လူကြီးတွေကျ သွားခွင့်ပေးတယ်။ မီးသတ်ရုံးရှေ့မှာလည်း ရဲကား၊ စစ်ကားတွေ တန်းစီနေတယ်" ဟု ပြောသည်။
ပြည်သူပြည်သားများ၏ လွတ်လပ်စွာသွားလာခွင့်နှင့် လမ်းဥပဒေများကို ပြည်နယ်စစ်ကောင်စီက ချိုးဖောက်နေကြောင်း စစ်တွေဒေသခံတစ်ဦး ဝေဖန်ထားသည်။
ယင်းအပြင် ပြည်နယ်စစ်ကောင်စီ ပိတ်ဆို့ထားသည့် ဧရိယာထဲတွင် လမ်းဘေးဈေးသည်များနှင့် ဈေးဆိုင်ခန်းများကိုလည်း ရောင်းချခွင့် ပိတ်ပင်ထားပြီး လမ်းဘေးဈေးဆိုင်ခန်းများကို မြို့နယ်စည်ပင်မှ လာရောက်ဖျက်ဆီးနေကြောင်း မျက်မြင်များက ပြောသည်။
ဖိနပ်ဆိုင်၊ အားကစားပစ္စည်းအရောင်းဆိုင်၊ အဝတ်ဆိုင်၊ အလှကုန်ပစ္စည်းအရောင်းဆိုင်၊ ဖုန်းဆိုင်၊ စားကုန်ဆိုင်၊ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်၊ အရက်ဆိုင်၊ ထမင်းဆိုင်၊ ကွမ်းယာဆိုင်၊ မုန့်ဆိုင် စသည့် လုပ်ငန်းများအားလုံးမှာ ပိတ်သိမ်းထားရပြီး လုပ်ငန်းများဆုံးရှုံးနေရကြောင်း သိရသည်။
ယမန်နေ့ နိုဝင်ဘာလ ၁၃ ရက်နေ့ ညနေက စ၍ ပြည်နယ်စစ်ကောင်စီ ရုံးချုပ်ကို ရဲ၊ စစ်တပ် အင်အား ၅၀ နှင့်အထက်ဖြင့် လုံးခြုံရေးယူထားပြီး ကပ်လျှပ်ရှိသည့် ပြည်သူ့ဝန်ဆောင်မှုရုံး OSS ခြံဝန်းတွင် ရဲ၊ စစ်တပ် အင်အား ၃၀ နှင့်အထက်ကို နေရာယူထားကြောင်း သိရသည်။
ယမန်နေ့ နံနက်ကစ၍ စစ်ကောင်စီတပ်များနှင့် AA တို့ ရခိုင်ပြည်အတွင်း တိုက်ပွဲများဖြစ်ပွားနေပြီး နေရာ ၅ ခုတွင် တိုက်ပွဲများပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ခြင်းကြောင့် စစ်ကောင်စီအနေဖြင့် စစ်တွေရှိ ပြည်နယ်ရုံးချုပ်ကို ကြိုတင်လုံခြုံရေးယူထားခြင်းဖြစ်ကြောင်း သုံးသပ်သူများက ပြောဆိုကြသည်။
ရသေ့တောင် ဒုံးပိုက်စခန်းနှင့် ချိန်ခါလီစခန်းကို ရက္ခိုင်တပ်တော် AA က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ချိန်ခါလီ နယ်ခြားစောင့်တပ် စခန်းကို ယနေ့ နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက် ၇ နာရီခန့်က အပြီးသတ် သိမ်းပိုက်လိုက်ကြောင်း ညီနောင်မဟာမိတ်အဖွဲ့က ထုတ်ပြန်သည်။
ပုံစာ - လောကာနန္ဒာစေတီတော်အနီးရှိ မီးပွိုင့်တွင် ရဲအင်အားအများအပြားဖြင့် လမ်းပိတ်ဆို့ကာ လုံခြုံရေးယူထားစဉ်။
Western News-WN