28/11/2022
ပရမတ္ထဆိုသည်မှာ ပါဠိစကားတည်း။
မြန်မာလို “မြတ်သော အနက်သဘော” ဟု ဆိုလိုသည်။
“မြတ်” ဆိုသည်မှာလည်း “မွန်မြတ်-မြင့်မြတ်-ကောင်းမြတ်”ဆိုသော အမြတ် မဟုတ်၊ ပင်ကိုသဘောအတိုင်း မဖောက်ပြန် မပြောင်း မလွှဲပဲ ခိုင်မြဲတည့်မတ်သော အမြတ်တည်း။
(ပရမ=မြတ်သော+အတ္ထ=အနက်သဘော၊ ပရမတ္ထ=မြတ်သော အနက်သဘော၊ ဤပရမတ္ထသဘောကို “ပရမတ်” ဟုလည်း ခေါ်၏။)
ထို ပရမတ္ထတရားကား စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်အားဖြင့် (၄) ပါး ရှိသည်။
စေတသိက်တရားတို့၌ လောဘ ဒေါသများ ပါရှိ၏။ ဘောဘသည် လိုချင်ခြင်းသဘော၊ ဒေါသကား ခက်ထန်ခြင်း သဘောပင်တည်း။
လောဘသည် ပညာရှိသူတော်ကောင်း၏ သန္တာန်မှာဖြစ်ဖြစ်၊ သူယုတ်မာ သန္တာန်မှာဖြစ်ဖြစ်၊ ခွေးသန္တာန်မှာဖြစ်ဖြစ် လိုချင်သောသဘောမှ ဖောက်ပြန်ခြင်း၊ ပြောင်းလဲခြင်း မရှိချေ။
ထို့အတူ ဒေါသ၏ ခက်ထန်ခြင်း သဘောလည်း မည်သူ့သန္တာန်မှာဖြစ်ဖြစ် မဖောက်ပြန် မပြောင်းလဲချေ။ အခြားသော ပရမတ္ထတရားတို့ မပြောင်းလဲကြပုံကိုလည်း ဤနည်းအတိုင်းသိပါ။
ပရမတ်သဘောတို့သည် မျက်နှာကြီးငယ် ရွေးချယ်လိုက်စားခြင်း မရှိဘဲ မူရင်းအတိုင်း ထင်ရှားမြဲ ဖြစ်လေသည်။
(အမရပူရ၊ မဟာဂန္ဓာရုံ ဆရာတော်၊ အရှင်ဇနကာဘိဝံသ၏ ကိုယ်ကျင့်အဘိဓမ္မာကျမ်းမှ ကောက်နုတ်ဖော်ပြသည်။)
#ပရမတ္ထ