28/06/2025
မေမေတို့ရေ 💖🩵
ချစ်ခြင်းများစွာနဲ့မျှဝေလိုက်ပါတယ်ရှင့် 🍀
အိပ်မက်တွေကို ခဏလောက်ရပ်တန့်ထားတဲ့ မေမေတွေ
ဒီနေ့စာလေးကတော့ မေမေတို့အတွက်ရယ် မေမေတို့ဘေးပတ်ဝန်းကျင်က အတူနေမိသားစုအတွက်ရယ်ရေးဖြစ်တဲ့စာလေးဖြစ်ပါတယ်။
ကျွန်မရေးနေကျအတိုင်းပါပဲ ကျွန်မအနေနဲ့ မိခင်တွေကို ခွဲခြားပြောဆိုခြင်းလုံးဝ မဟုတ်ပါဘူး။ မိခင်တိုင်းနီးပါး သားသမီးကို ချစ်ပြီး ဖြည့်ဆည်းပေးချင်ကြသလို ထုတ်မပြပေမယ့် ရင်ဆိုင်နေရတဲ့ အခက်အခဲကိုယ်စီရှိကြတာပဲဖြစ်ပါတယ်။
ဒါပေမယ့် ဒီစာလေးကတော့ အကြောင်းကြောင်းကြောင့် မိမိကိုယ်ပိုင်အချိန်၊ ကိုယ်ပိုင်ရာထူးနဲ့အလုပ်၊ ကိုယ်ပိုင်ဝင်ငွေနဲ့ဖြစ်တည်မှုတွေကို ခေတ္တရပ်တန့်ပြီး ကလေးငယ်အတွက် အချိန်ပြည့်မိခင်ဘဝကို ရွေးချယ်ဖြတ်သန်းနေတဲ့ မိခင်တွေအတွက်ဖြစ်ပါတယ်။
ကျွန်မကိုယ်တိုင်လည်း Full-time Job ကနေ အနားယူလိုက်တဲ့ မိခင်ဖြစ်တာမို့ ကျွန်မဖြတ်သန်းဖြစ်တဲ့အတွေ့အကြုံလေးတွေရယ် စာတွေ့လက်တွေ့ကျင့်သုံးခဲ့ရတာလေးတွေ၊ ပတ်ဝန်းကျင်က သက်ရောက်မှုလေးတွေ စတာလေးတွေကို ဝေမျှပေးချင်တာလည်းဖြစ်ပါတယ်။
❤️မေမေတို့အတွက်…
-ကနဦးဆုံး ကျွန်မတို့အများစု ခံစားရတာကတော့ လွတ်လပ်ပျော်ရွှင်မှုဖြစ်လေ့ရှိပါတယ်။ ကလေးအနားမှာနေချင်တဲ့ စိတ်ဆန္ဒ၊ Guilty ဖြစ်တဲ့ခံစားချက်၊ ကလေးရဲ့ ဖွံ့ဖြိုးမှုအဆင့်အားလုံးကို တွေ့မြင်လိုတဲ့ဆန္ဒ ဒါတွေအကုန်လုံးပြည့်ဝသွားပြီး ကိုယ်မရှိတဲ့အချိန် အခြားသူတွေကကိုယ်ထားတဲ့စည်းမျဉ်းစည်းကမ်းကို မလိုက်နာမှာ စိတ်ပူတဲ့ နောက်ဆံတင်းတဲ့ခံစားချက်လည်းမရှိတော့တာမို့ အရင်ဆုံးကစိတ်ပေါ့ပါးပျော်ရွှင်ရပါတယ်။
-အချိန်အနည်းငယ်အကြာမှာတော့ ကိုယ်အသားကျခဲ့တဲ့ပတ်ဝန်းကျင်၊ lifestyle၊ ကိုယ်ကျွမ်းကျင်ရာအလုပ် စတာတွေနဲ့ဝေးကွာချိန်ကြာလာတာကတစ်ကြောင်း၊ ကလေးငယ်ရဲ့ကိစ္စအဝဝကို (၂၄)နာရီလုံးတာဝန်ယူထားရင်းက ဘယ်တော့ စင်းလုံးချောမပြီးမြောက်နိုင်တဲ့ အိမ်အလုပ်၊ Parenting စတာတွေနဲ့ လုံးချာလည်လာပြီး ကိုယ့်ကိုယ်ကိုယ် မိခင်ကောင်းမဖြစ်နိုင်ဘူးလား/ မလုပ်နိုင်ဘူးလား စတင် သံသယဝင်လာတာမျိုးတွေဖြစ်လာပါတယ်။
-နောက်ဆုံးအချက်ကတော့ ကိုယ်ပိုင်ဝင်ငွေမရှိနေတော့တဲ့အခါ ဝင်ငွေကိစ္စတွေနဲ့ပတ်သတ်ပြီး စိတ်ပူပန်လာတာမျိုးတွေ၊ ကိုယ့်ကိုယ်ကိုယ် ဝင်ငွေရှာနိုင်သူတွေနဲ့ နှိုင်းယှဉ်မိလာတာတွေအပြင် စိတ်ခံစားချက်အရ ဆတ်ဆတ်အထိမခံတာမျိုး၊ စိတ်ဓာတ်ကျတာမျိုးတွေ စတင်ခံစားရနိုင်ပါတယ်။
⭐️ဒီတော့ ဒီလိုခံစားရတာတွေအကုန်လုံးက ပုံမှန်ပဲဖြစ်ပါတယ်။ ကျွန်မတို့လည်း မေမေတွေပေမယ့် လူသားတွေဖြစ်တာကြောင့် ကိုယ်ကြုံဆုံရတဲ့ အနိမ့်အမြင့်အတက်အကျပေါ်မူတည်ပြီး ခံစားခွင့်ရှိပါတယ်၊ ကိုယ်ဖန်တီး တည်ဆောက်ခဲ့တဲ့ ပုံရိပ်တွေ ဘဝတွေ နေထိုင်သွားလာမှုတွေကို ပြန်လည် နှမြောတသ လွမ်းဆွတ်ခွင့်ရှိပါတယ်။
ဒီလိုအချိန်မှာ အလိုအပ်ဆုံးက အတူတူ လမ်းကြောင်းအသစ်ကို ပုံဖော် အားပေးမယ့်သူပါ။ ဒီလူဟာ ခင်ပွန်းသည်လည်းဖြစ်နိုင်သလို မိဘ၊ မိသားစုဝင်လည်းဖြစ်နိုင်ပြီး အရင်းနှီးဆုံးသူငယ်ချင်းလည်းဖြစ်နိုင်ပါတယ်။
အဓိကက ကိုယ်ဖွင့်ချလို့ရမယ့်သူကို ရင်ဖွင့်လိုက်ပါ။ ပြီးတော့ လက်ရှိနေရာကို ကိုယ်ဘာလို့ရွေးချယ်ခဲ့တယ်ဆိုတဲ့ အကြောင်းအရင်းကို ပြန်တွေးပြီး လက်ရှိအခြေအနေကိုလက်ခံဖို့စတင်ပါ။ ဒါပြီးနောက်မှာ တစ်ဆင့်ပြီးတစ်ဆင့်ကိုယ့်အချိန်၊ ကိုယ့်တစ်နေ့တာလုပ်ဆောင်ချက်၊ ဝါသနာနဲ့ ကိုယ်ထပ်မံ ပုံဖော်မယ့်ဘဝအတွက် ဖြည်းဖြည်းချင်းပြန်စဉ်းစားပြီး စတင်ပါ။ ကိုယ်၊ စိတ် ကျန်းမာရေးကို ဂရုစိုက်ပါ။
ဒီအခြေအနေဟာ ခဏ break ယူတာလို့တွေးပြီး နောင်တစ်ချိန်အတွက် အချိန်ရသလို ပညာ/ ဝါသနာ ဝမ်းစာဖြည့်ပါ။
အရေးအကြီးဆုံးက လက်ရှိအချိန်ကို တန်ဖိုးထားဖို့ပဲဖြစ်ပါတယ်။
💡ပတ်ဝန်းကျင်က မိသားစုဝင်တွေအတွက်ကတော့…
-မိခင်ကို အတင်း အသားကျဖို့ မတိုက်တွန်းပါနဲ့ (အဓိကအားဖြင့် ကလေးထိန်းတာ ဘာခက်ခဲလို့လဲ၊ ပိုတောင်သက်သာသေးတယ်၊ ငါတို့တုန်းကဒီ့ထက်တောင်ပင်ပန်းသေးတယ်၊ ဒါက ဘာမှ ကြီးကြီးကျယ်ကျယ်မဟုတ်ပါဘူး) စသဖြင့် စကားမျိုးတွေကို လုံးဝမပြောပါနဲ့။
-အနားမှာအတူရှိနိုင်တဲ့သူတွေအနေနဲ့ တတ်နိုင်သလောက် တတ်နိုင်တဲ့ဖက်ကနေ ကူညီအားပေးတာမျိုးလုပ်ပေးပါ။ (ကလေးကူထိန်းပေးတာ၊ me time ယူလို့ရအောင်ကူညီတာ၊ ငွေကြေးကိစ္စလိုအပ်မယ်ထင်တာလေးတွေ တိုင်ပင်မေးမြန်းပြီး ပံ့ပိုးပေးတာ၊ အနာဂတ် ရည်ရွယ်ချက်အစီအစဉ်တွေနဲ့ပတ်သတ်ပြီး အားပေး အကြံပေးတာ)
-မိခင်ရဲ့ အရင်အနေအထားနဲ့ကို အမှတ်တမဲ့ယှဉ်ယှဉ်ပြောတာမျိုး သတိထားရှောင်ပါ (အရင်က လှတပတလေးနဲ့ သပ်ရပ်နေတာ အခုက နေ့တိုင်း ဖိုသီဖတ်သီနဲ့ တစ်ခုခုလုပ်ပါဦး၊ မှတ်ဥာဏ်တွေဘယ်ရောက်သွားတာလဲ အရင်ကအဲလိုမဟုတ်ပါဘူး) စသဖြင့်စကားမျိုးတွေကို မပြောမိဖို့သတိထားပါ။
-ပတ်ဝန်းကျင်နဲ့မိတ်ဆွေအသစ်တွေဖန်တီးဖို့ကူညီပေးပါ။ အခြားမိခင်တွေနဲ့ခင်မင်ရင်းနှီးစေတာ၊ social media group တွေ ဝင်ထားတာစသဖြင့်ပါ။
-အခြားသူတွေအကြောင်း မကြာခဏမပြောပါနဲ့။ ကာယကံရှင်အကြောင်းကို မေးမြန်းတာ၊ အားပေးတာ၊ ရင်ဖွင့်တာနားထောင်ပေးတာတွေကိုလုပ်ပေးပါ။ ဝေဖန်အကြံပေးတာ လျှော့ပြီး နားထောင်ပေးတာက အထောက်အကူအများကြီးဖြစ်မှာပါ။
⭐️အိပ်မက်တွေကို ခဏရပ်တန့်ထားတာပဲဖြစ်ပါတယ်။ ပျောက်ဆုံးသွားတာမဟုတ်ဘဲ ရှေ့တိုးဖို့ နောက်တစ်လှမ်းဆုတ် အားယူတာသာဖြစ်ပါတယ်။ အိပ်မက်တွေရပ်တန့်ထားပေမယ့် မိခင်တွေဟာဘယ်တော့မှ ရပ်တန့်မနေပါဘူး ချစ်ချင်းမေတ္တာတွေ၊ ကြိုးစားအားထုတ်မှုတွေက ဆက်ကြီးထွားနေဆဲဖြစ်ပါတယ်။⭐️
အားလုံးအဆင်ပြေကြပါစေရှင်။
Dr. ရတနာမျိုးညွန့်
#လွတ်လပ်စွာမျှဝေနိုင်ပါတယ်တဆင့်ကူးယူတင်ပြခြင်းခွင့်မပြုပါ