28/05/2023
BLW
Baby Led Weaning (BLW) ဆိုတာကတော့ သမားရိုးကျ ကလေး အသက် 6 လ ပြည့်ရင် စပြီး ခွံ့ကျွေးနေကျ ဆန်ပြုတ်ပျစ်ပျစ်/အသီးပျစ်ပျစ် ကို ကျော်လိုက်ပြီး ကလေးကို ကိုယ်တိုင်ကိုင်ပြီး စားစေတဲ့ နည်းဖြစ်ပါတယ်။ ဒီလို BLW နည်းကို လေ့ကျင့်ပေးဖို့ရမှာ လိုအပ်တဲ့ အချက်တွေကတော့ -
(1) ကလေးဟာ အသက် 6 လ ပြည့်ရပါမယ်။
(2) ခေါင်းခိုင် ရပါမယ်။
(3) အကူအညီမပါဘဲ မတ်မတ်ထိုင်နိုင်ရပါမယ်။
(4) Tongue-thrust-reflex လို့ ခေါ်တဲ့ ပြင်ပအရာဝတ္ထုတွေကို လျှာနဲ့ တွန်းထုတ်တတ်ရပါမယ်။
ဒီအချက်တွေပြည့်စုံနေမှ ကလေးဟာ ထမင်းစားထိုင်ခုံမှာ သေချာ ထိုင်နိုင်မှာဖြစ်ပြီး အဲလို ထိုင်နိုင်မှလည်း အစားကို စိတ်ဝင်တစား စားနိုင်မှာ ဖြစ်ပါတယ်။
အဓိကကတော့ ကလေးကို BLW လေ့ကျင့်ပေးမယ်ဆိုရင် အမေဟာ စိတ်ရှည်ရပါမယ်။ ကလေးဟာ စားချင်လည်း စားမယ်။ ဆော့ရင်လည်း ဆော့နေပါလိမ့်မယ်။ အတင်း ဆူပူပြီး တွန်းကျွေးတာမျိုး မလုပ်သင့်ပါဘူး။ ကလေးစားနေတဲ့ တစ်လျှောက် ဘေးမှာ စောင့်ကြည့်ပေးရပါမယ်။
BLW မှာ ဘာတွေ စကျွေးရမလဲ? 🔍
ကလေး စားလို့လွယ်ကူမယ့် အစားအစာတွေ စကျွေးပေးရပါမယ်။
✅ အသီးပျော့ပျော့
✅ ကြက်ဥအနှစ်
✅ ပြုတ်ထားသော ငါးအသားပျော့ပျော့
✅ နူးအောင်ပေါင်းပြီး မျှင်ထားသော အသားမျှင်
✅ နူးညံ့အောင် ပြုတ်ထားသော ဟင်းသီဟင်းရွက် အတုံးငယ်လေးများ
✅ ပါစတာ ခေါက်ဆွဲနူးနူးအိအိလေးတွေ နဲ့ စလေ့ကျင့်ပေးပါ။
အသားဓာတ်ပြည့်ဝပြီး၊ ကယ်လိုရီပါဝင်မှုများတဲ့ အာဟာရရှိတဲ့ အစားအစာတွေနဲ့ စပြီး လေ့ကျင့်ပေးပါ။
ကလေးစားမယ့် အစားအစာထဲမှာ ဆား၊ သကြား၊ ဟင်းခတ်မှုန့် မထည့်ရပါ။
BLW ရဲ့ ကောင်းကျိုးများ 🤩
ကလေးကို ကိုယ့်အားကိုယ်ကိုးစိတ်ကို ရရှိစေပြီး အစားအသောက်ကို ခုံခုံမင်မင် စားစေပါတယ်။ လက်ကို သေချာ အသုံးပြုနိုင်စေတာကြောင့် လက်နဲ့ မျက်စိ-ဦးနှောက်ဆက်သွယ်မှူကို ကောင်းမွန်စေပါတယ်။ အစားကို ဝါးစားတာ၊ မျိုချတာ၊ ချေဖျက်တာ စတဲ့ လုပ်ငန်းစဉ်တွေကိုလည်း တိုးတက်စေပါတယ်။ �
မေမေတွေအနေနဲ့ BLW ကို လေ့ကျင့်ပေးမယ်လို့ ဆုံးဖြတ်ထားရင် စိတ်ရှည်ဖို့ လိုပါတယ်။ ကလေးကတော့ စားရင် ပေပွနေမှာပဲမို့ သန့်ရှင်းရေးတော့ သေချာ လုပ်ပေးရပါမယ်။ BLW ဟာ ကောင်းကျိုးတွေလည်း များတာကြောင့် စိတ်ဝင်စားတဲ့ မေမေတွေ လေ့လာလို့ရအောင် အနည်းငယ် ဝေမျှလိုက်ပါတယ်ရှင် 💙
Dr Jasmine
HappyFood-Nutrition channel