03/07/2026
သင်ယူမှု နှင့် အသက်အရွယ်
ကျမတို့သက်ကြီးပိုင်းအမျိုးသမီးတွေ
တဖြည့်ဖြည်းအသက်ကြီးလာ၊တစစနဲ့ အိုမင်းလာကြတာ အမှန်ပါ။သက်ကြီးရွယ်အိုလာတာနဲ့အမျှ
ကျန်းမာရေးလည်းအထိုက်အလျောက်ချို့ယွင်းလာကြတာပါပဲ။အိုပြီ၊နာပြီ မို့အချိန်မရွေးလည်းအသက်ဆုံးပါးသွားနိုင်တာပါပဲ။
ငယ်စဉ်အခါကပညာတွေ(အတန်းပညာ၊အတတ်ပညာ)သင်ယူလေ့လာတတ်မြောက်ခဲ့ပြီ။
ထိုးထွင်းသိမြင်၊အသုံးချနိုင်ခဲ့ကြပြီ။
အထိုက်အလျောက်သောအောင်မြင်မှုများကို
ရရှိခဲ့သလိုဆုံးရှုံးမှုများကိုလည်းကြုံခဲ့ကြပါပြီ။
ရှင်သန်နေထိုင်ဖို့အချိန်နည်းသွားတဲ့အခါ
ကိုယ့်နောက်ပါမယ့်ကုသိုလ်တရားများကိုလည်း
တီးမိခေါက်မိဖြစ်စေ၊ထဲထဲဝင်ဝင်ဖြစ်စေ
လေ့လာကျင့်ကြံကြဖို့မမေ့လျော့ကြပါ။
ကျမစိတ်ထဲမှာတော့
အိုမင်းလာလို့တရားများကိုသာကျင့်ကြံရမယ် ဆိုတဲ့
အတွေး ကျမမှာမရှိပါ။
ကိုယ်ချစ်ရသူတွေ၊ကိုယ်ကချစ်ရသူတွေအတွက်
ကျန်းမာအောင်နေထိုင်မယ်။
ကိုယ်လုပ်ပေးနိုင်တာလုပ်ပေးမယ်။
ဒါ ကိုယ့်အတွက် blessings ပဲ။
ကိုယ်မသိသေး၊မတတ်သေးတဲ့
အသစ်အသစ်သောပညာရပ်တွေကိုလေ့လာမယ်။
သင်ယူမယ်။အသုံးချလို့ရသလောက်ပြန်လည်အသုံးချမယ်။
ကိုယ်သိသမျှတတ်သမျှလေးတွေမျှဝေပေးမယ်။
“မိမိစိတ်သာအဓိက”မို့ အိမ်မှာနေရင်း၊သင်ယူလေ့လာရင်း၊အလုပ်လုပ်ရင်း ကုသိုလ်စိတ်ကိုသာ
ရှေ့ရှုဖို့ပါပဲ။
သင်ယူဖို့မကုန်နိုင်တဲ့ပညာပင်လယ်ကြီးထဲမှာ
ကူးခတ်ရှင်သန်မယ်။
သင်ယူမှုဆိုတာရပ်ပစ်စရာမဟုတ်ပါဘူး။
လောကကြီးအလယ်မှာနေတတ်အောင်သင်ယူခဲ့သလို
မနေရတော့မယ့်အချိန်အတွက် ထွက်သွားတတ်အောင်လည်းသင်ယူရမှာပါ။
သိချင်တတ်ချင်သေးတဲ့ပညာရပ်တွေအတွက်တော့
ကျမ မှာ”အို”တယ်ဆိုတာမရှိပါ။
☘️ကျမထက်အသက်ငယ်သော၊
ကျမထက်အသက်ကြီးသော၊
နယ်ပယ်အသီးသီးမှ အမျိုးသမီးများ၏
ကြံ့ခိုင်သောစိတ်ဓါတ်နှင့်ကြိုးစားကြံစည်
လုပ်ကိုင်နေကြသူများအားလုံးကို
လေးစားဂုဏ်ယူလျက်ဂါရဝပြုပါတယ်ရှင်☘️@