27/07/2020
မဖဲဝါ တကယ်ရှိတာလား ၊ ငယ်ငယ်က ကြားဖူးရုံပဲရှိတာ.....😢😢😢
အဲဒီနေ့က ရွာကိုခဏပြန်မယ်။ ပြီးရင် လေးဖိုးသိန်းကို မြို့ကို ပြန်ခေါ်လာမယ်ပေါ့။ ပြီးတော့ ရွာကိုရောက်တော့ လေးဖိုးသိန်းက လယ်ထဲဆင်းနေတယ်။ ကျွန်တော်က ရွာကိုရောက်ရောက်ချင်း ပင်ပန်းလာတာနဲ့ အိပ်ပျော်သွားတာ ညနေစောင်းလောက်မှ နိုးလာတယ်။ ကျွန်တော့် ဘကြီးကတော့ လယ်ထဲမှာပဲ ရှိသေးတယ်။ ပစ္စည်းလေးတွေကူသိမ်းပေးဖို့ ကျွန်တော့်ညီ တစ်ဝမ်းကွဲက လယ်ထဲသွားဖို့ရှိတယ်ဆိုတော့ ကျွန်တော်လည်း ပျင်းနေတာနဲ့ လိုက်သွားခဲ့တယ်။
သူတို့လယ်နဲ့ ရွာနဲ့ က ခန့်မှန်းခြေတစ်မိုင်ခွဲလောက်ရှိမည်ထင်တယ်။ လယ်က ရွာရဲ့အနောက်ဘက်မှာဆိုတော့ သုဿန်ကိုတော့ ဖြတ်သွားရတယ်။ ရွာသုဿန်ဆိုပေမဲ့ သန့်ရှင်းသပ်ရပ်နေပြီး ဇရပ်တွေ၊ ရေအိုးစင်တွေနဲ့ အေးချမ်းတဲ့ ပုံစံမျိုးလေးပါပဲ။ ကျွန်တော်က စပ်စုလိုတာနဲ့ …
“သုဿန်က သပ်သပ်ရပ်ရပ်လေးနော်”
ကျွန်တော့်ညီ ဝမ်းကွဲက ..
“ဟုတ်တယ်.. အဲဒါ ကျွန်တော့် အဘ ကြောင့်လေ”
“ဟင် ..ဘာလို့..”
“အခုမပြောသေးဘူးဗျာ .. ညကျမှ အဘ သေချာပြောပြလိမ့်မယ်” “အေးပါ…”
ကျွန်တော့်စိတ်ထဲမှာ သိချင်စိတ်ပြင်းပြနေပေမဲ့လည်း ညအထိ မြိုသိပ်ပြီး စောင့်ရတော့မှာပေါ့။ ညရောက်တော့ ကျွန်တော့်မှာ သိချင်စိတ်တွေ ပြင်းပြနေတာကြောင့်
. “လေးဖိုးသိန်း .. ကျွန်တော့်ကို ရွာအနောက်က သုဿန်အကြောင်းလေးပြောပြပါ”
"ဟေ …”
“ညနေက လေးဖိုးသိန်းဆီလိုက်လာတုန်းက ဟိုကောင် အောင်ကျော်က သိချင်ရင် လေးဖိုးသိန်းကို မေးဆိုလို့”
လေးဖိုးသိန်းက ရေနွေးကြမ်းကို ငှဲ့လိုက်ပြီး တွေးတွေးဆဆလေသံဖြင့် …
“မင်းတို့လို မြို့ပေါ်က ခေတ်လူငယ်တွေအနေနဲ့ ငါပြောတာကို ယုံလိမ့်မယ်လို့တော့ မထင်ပါဘူး”
“ကျွန်တော်က စိတ်ဝင်စားလို့ပါ”
“အေးပေါ့ မင်းစိတ်ဝင်စားရင်တော့ ပြောပြမယ်လေ ..”
“ ဒီလိုကွ…”
အရင်တုန်းက အဲဒီသုဿန်က အခုလို သန့်သန့်ရှင်းရှင်းသပ်သပ်ရပ်ရပ်မဟုတ်ဘူး။ ငါတို့တွေ ညဘက်တွေ အရက်သောက်စကားပြောတဲ့နေရာပေါ့။ ငါတို့တွေက သရဲတွေဘာတွေလည်း မကြောက်တတ်တော့ အေးအေးဆေးဆေးဖြစ်တယ်ဆိုပြီး အဲဒီ ဇရပ်မှာပဲ လူစုံရင်သွားသွားသောက်နေကြ။ တစ်ရက်မှာတော့ ငါတို့တွေ တော်တော်လေးအမူးလွန်နေကြပြီး အုတ်ဂူတွေပေါ်မှာ အိပ်ပျော်သွားကြတယ်။
ခါတိုင်းဆို ငါတို့အဖွဲ့က ငါးယောက်လောက်ရှိပြီး အဲဒီနေ့ကျမှ သုံးယောက်တည်း သောက်ဖြစ်တာ။ ငါတစ်ရေးနိုးတော့ မနက် သုံးနာရီထိုးခါနီးလောက်ဖြစ်မယ်ထင်တယ်။ ငါတို့နဲ့ ခပ်လှမ်းလှမ်းမှာ လှုပ်နေတဲ့ အရိပ်တစ်ခုကို တွေ့တာ။ နောက်ပြီးတော့ ထူးထူးခြားခြားစိတ်ထဲမှာ ကြောက်သလိုလိုဖြစ်လာတယ်။ ခါတိုင်းဆို မိုးလင်းပေါက်ထိတောင် သောက်ဖြစ်တဲ့နေ့တွေရှိတာပဲ။ ဘယ်တုန်းကမှလည်း သရဲအခြောက်မခံခဲ့ရဘူးသလို ဘာကြောက်စိတ်မှလည်း မရှိခဲ့ဘူး။ အခု ဒီအရိပ်ကို မြင်တာ ငါ့စိတ်ထဲ ထူးထူးခြားခြားကြောက်စိတ်ဝင်နေပြီး ကြက်သီးတွေပါ ထနေတာ”
လေးဖိုးသိန်းက မောသွားဟန်နဲ့ ရေနွေးတစ်ခွက်ကို မော့လိုက်တယ်။
ကျွန်တော့်မှာတော့ စိတ်ဝင်စားလွန်းလို့ ရေနွေးသောက်ဖို့တောင် မေ့နေသေး။ လေးဖိုးသိန်းက စကားကို ပြန်ဆက်တယ်။
အဲဒါနဲ့ ငါလည်း ငါ့ကောင်တွေကို နှိုးတာပေါ့။ ဟိုကောင်တွေကလည်း အိပ်ချင်မူးတူးနဲ့ ထ လာပြီး..
"ဘာလဲကွာ.. အိပ်ကောင်းနေတာကို”
“မင်းတို့ကို ပြစရာရှိလို့ …ဟိုးမှာတွေ့လား လှုပ်နေတာ”
ဒီကောင်တွေ ပြူးပြဲကြည့်တယ်။
“မင်းကလည်း ငကြောင်ပဲ အဲဒါ အကောင်တစ်ကောင်ကောင်နေမှာပေါ့”
အဲဒီအချိန်မှာပဲ ရွာထဲက ခွေးတွေရဲ့ အူသံအချို့ကို ကြားလာရတယ်။ ပထမတော့ နည်းနည်းပါးပါးအူသံကနေ တဖြည်းဖြည်းနဲ့ အသံရှည်ဆွဲပြီး အူလာသလို အူသံတွေကလည်း ငါတို့ ရှိနေတဲ့ သုဿန်ကို ဦးတည်လာနေသလိုပဲ။ ငါ က သုံးယောက်ထဲမှာ ကြောက်စိတ်အကြီးဆုံးလိုဖြစ်နေတယ်။ ဟိုနှစ်ကောင်ကတော့ အေးဆေးပဲ။
“ပြန်အိပ်မလား အိမ်ပြန်မလား”
“ငါ..ငါ.. အိမ်ပြန်ချင်တယ်ကွာ”
လေးဖိုးသိန်းအသံတွေက တုန်ယင်နေတယ်။ အဲဒါကို သတိထားမိတဲ့ ဟိုကောင်က
. “မင်းကြောက်နေတာလား ဖိုးသိန်း”
"ဟား …ဟား ..ဟား..”
သူ့ကို ဝိုင်းလှောင်တော့ လေးဖိုးသိန်း စိတ်နည်းနည်းဆိုးသွားတယ်။
"မင်းတို့ဘာသာ နေချင်နေခဲ့ကွာ ငါပြန်ပြီ”
လေးဖိုးသိန်း စိတ်ဆိုးဆိုးနဲ့ သုဿန်ကနေ ရွာထဲက အိမ်ကို တစ်ယောက်တည်းပြန်ချလာတယ်။
စိတ်ဆိုးလို့သာ ပြန်လာရပေမဲ့ တစ်ယောက်တည်းဆိုတဲ့ အသိက တော်တော်လေးခြောက်ခြားနေမိတယ်။ ပုံမှန်ဆို ကြောက်တတ်လေ့မရှိပေမဲ့ အခု ထူးထူးခြားခြားကို စိတ်ထဲမှာကြောက်မိနေတာ။ သုဿန်ထဲက ထွက်လာပြီး ကိုက်လေးရာလောက်အရောက်မှာ နောက်က ခြေသံကြားလိုက်မိတယ်။
လေးဖိုးသိန်းစိတ်ထဲ ဟိုကောင်တွေ လိုက်လာတာပဲလို့ ထင်ပြီး လှည့်ကြည့်လိုက်ချိန်မှာ ….
“အား …… “
လေးဖိုးသိန်း ဆံပင်မွှေးတွေ ထောင်တက်သွားတယ်။
သူမြင်လိုက်ရသည်ကား ဘဝမှာ တစ်ခါမှမမြင်ဖူးတဲ့ မြင်ကွင်းမျိုး။ မိန်းမ တစ်ယောက်ပုံစံက အပြည့်အဝထင်ရှားနေပြီး အခေါင်းကို ထမ်းလာတဲ့ ပုံစံမျိုးကို မြင်လိုက်ရသောကြောင့်ပင်။
လေးဖိုးသိန်းတစ်ယောက် ဘာကိုမှ မစဉ်းစားတော့ဘဲ ရွာထဲကို တစ်ချိုးတည်း ပြေးတော့တာပေါ့။
အိမ်ကို ရောက်တော့ တံခါးဂျက်ပင်မဖွင့်နိုင် တံခါးကို ဝုန်းကနဲ ဆောင့်ကန်ပြီး ဖွင့်လိုက်တယ်။ အံ့ဩစရာတစ်ခုက ဒီလောက်ဝုန်းဒိုင်းကျဲတာတောင် လေးဖိုးသိန်း အိမ်သားတွေ တစ်ယောက်မှ မနိုးကြတာပဲ။ လေးဖိုးသိန်း က အိမ်ထဲရောက်တော့ ခြံဝဘက်ကို လှည့်ကြည့်တော့လည်း အဆိုပါ မိန်းမက ခြံပေါက်ဝမှာ လေးဖိုးသိန်းကို စိုက်ကြည့်နေတယ်။ လေးဖိုးသိန်း တစ်ကိုယ်လုံး ကြောက်လွန်းလို့ တုန်ယင်နေပြီး နားထဲမှာလည်း ဝူးဝူးဝါးဝါးအသံအချို့ကို ကြားရတယ်။
“နင်တို့တွေကို မကျေနပ်ဘူး …”
"နင်တို့တွေကို မကျေနပ်ဘူး ..”
“နင်တို့တွေကို မကျေနပ်ဘူး ..”
ဆိုတဲ့အသံက လေးဖိုးသိန်း နားထဲ ပဲ့တင်ထပ်နေတယ်။
မနက်မိုးလင်းတော့ တစ်ရွာလုံး အုတ်အော်သောင်းတင်း ဖြစ်နေကြတယ်။ ရှေ့မီနောက်မီ လူကြီးတွေက မျက်နှာ မကောင်းကြ။ ရွာလူကြီးက ရွာသားတွေကို စုခေါ်လိုက်တယ်။ လေးဖိုးသိန်းက မျက်တွင်းဟောက်ပက်နဲ့ ။ သူတို့ရွာမှာ ပရလောကနဲ့ပတ်သက်ရင် နည်းနည်းပါးပါး တီးမိခေါက်မိရှိတဲ့ အဘစံက ..
“ဖိုးသိန်း ညက မင်းတို့ သုဿန်မှာ ဘာတွေမှားကြသေးလဲ”
လေးဖိုးသိန်းက သူကြုံခဲ့တဲ့ အဖြစ်အပျက်တွေကို အစအဆုံးပြောပြလိုက်တယ်။ ပြီးတော့ ညက အတူတူသွားတဲ့ ထွန်းရွှေနဲ့ မြင့်စိန် တို့ကိုလည်း မတွေ့မိ။ ရွာလူကြီးက ..
“ဖိုးသိန်း..”
“ဗျာ..”
“ထွန်းရွှေနဲ့ မြင့်စိန် ဆေးရုံမှာ”
“ဗျာ ….”
ရွာလူကြီးက ..
“ညက မင်းဘယ်အချိန် အိမ်ပြန်ရောက်လဲ”
“သုံးနာရီလောက်ထင်တယ်”
“ဟိုကောင်တွေက ည ၃နာရီခွဲလောက်ကြီး အိမ်ကို ပြန်ရောက်လာကြပြီး သွေးတွေအန်တာပဲ အခုဆေးရုံတင်ထားရတယ်. နောက်ပြီးတော့ သူတို့ တစ်ရွာလုံးဒုက္ခရောက်ပြီလို့ ပြောသွားကြသေးတယ်”
လေးဖိုးသိန်းတစ်ယောက် နားလည်ရခက်သွားတယ်။
အဘစံက ..
“ဖိုးသိန်း မင်းတို့ သုဿန်မှာ တစ်ခုခုအမှားအယွင်းလုပ်ခဲ့ပုံရတယ် အဲဒါ မင်းတို့ ပြန်တောင်းပန်ရမယ် နို့မဟုတ်ရင် တစ်ရွာလုံး ဒုက္ခရောက်လိမ့်မယ် ငါကြားဖူးနားဝရှိတာတော့ ညက မင်းတို့ တွေ့ခဲ့တာ သုဿန်စောင့် မဖဲဝါဖြစ်လိမ့်မယ်.. သူရွာထဲဝင်လာတာဟာ နမိတ်မကောင်းဘူး ရွာအတွက်လည်း မကောင်းဘူး”
အဲဒါနဲ့ အဘစံရဲ့ စီစဉ်မှုနဲ့ ရွာထဲက ကာလသားတွေပေါင်းပြီး သုဿန်မှာ တောင်းပန်ပွဲတွေပြုလုပ်၊ သုဿန်တစ်ခုလုံးကိုလည်း သန့်ရှင်းရေးတွေဘာတွေလုပ်ပြီး ရွာလူကြီးက ဘယ်သူမှ သုဿန်မှာ အရက်မသောက်ရလို့ အမိန့်ထုတ်လိုက်တယ်။
အဲဒီနောက်ပိုင်းကစပြီး ရွာထဲမှာ ညဘက်ဆို ခွေးတွေအူတာလည်း လျော့သွားတယ်။ ငါတို့ ရွာသားတွေကလည်း တစ်ပတ်တစ်ခါလောက် သုဿန်ကို သန့်ရှင်းရေးသွားလုပ်ကြတယ်။ အဖြစ်အပျက်ကတော့ အဲဒါပါပဲ။ လေးဖိုးသိန်းက စကားကို လက်စသတ်လိုက်တယ်။
နားထောင်နေရတဲ့ ကျွန်တော့်မှာ ကြက်သီးတွေတောင် ထ နေသေးတယ်။ အချိန်ကို ကြည့်လိုက်တော့ ည ကိုးနာရီကျော်ပြီ။ ရွာမှာက ည ကိုးနာရီ၊ ဆယ်နာရီလောက်ဆို အိပ်ကြတာဆိုတော့ ကျွန်တော်လည်း အိပ်ရာဝင်ခဲ့တယ်။ တစ်ရေးနိုးတော့ ခွေးအူသံအချို့ကို ကြားမိလိုက်သေးတယ်။ ။
အပေါ့အပါးသွားချင်တာနဲ့ အိပ်ယာခေါင်းရင်းက လက်နှိပ်ဓာတ်မီးကိုလှမ်းယူပြီး ခြင်ထောင်ကို မလိုက်တော့ "ဒေါင်....ဒေါင်......ဒေါင်" ဆိုတဲ့ ရွာဦးထိပ် ဘုန်းကြီးကျောင်းက နာရီမြည်သံကြီးနဲ့အတူ တချိန်ထဲမှာပဲ "ဆွဲဆွဲငင်ငင်" ခွေးအူသံကြီးတွေထပ်မံကြားရပြန်လာတယ်။ အချိန်ကား ည (၁၂) တိတိရှိလေပြီ။
"လူလေး....လူလေး.....လူလေး" အသံလာရာဘက်သို့ စိတ်ခြောက်ခြားစွာ လက်နှိပ်ဓာတ်မီးထိုးကြည့်လိုက်တဲ့အချိန်မှာတော့ .................။
အပိုင်းဆက်ရန်......မျှော်....