29/09/2022
လူသုံးမျိုး ရှိပါတယ် ။
နံပတ် ၁ ။
ဘယ်သူတွေ ဘာလုပ်နေလဲ ၊
လောကကြီး ဘာဖြစ်နေလဲ လုံးလုံးကို မသိတဲ့လူတွေ ၊
ဘာမှကို မလုပ်တဲ့ လူတွေ
နံပတ် ၂ ။
ဘယ်သူတွေ ဘာလုပ်နေလဲဆိုတာ လိုက်စောင့်ကြည့်ပြီး
ဘယ်အချိန် တွယ်ရမလဲ ၊ ဘယ်အချိန် ဆဲရမလဲ ၊
ဘယ်အချိန် နွှာရမလဲ စောင့်ကြည့်နေတဲ့ လူတွေ
နံပတ် ၃ ။
ကိုယ့်ကိုကိုယ် တကယ် ခုတ်မောင်းနေတဲ့သူတွေ ၊
အမှားတွေ လုပ်တယ် ၊ ပြင်တယ် ၊ ဆက်သွားတယ် ၊
အဆူအဆဲခံတယ် ၊ ဒူပေ ဒါပေခံတယ် ၊
ဒဏ်ရာတွေ ရတယ် ၊ ပြန်ထတယ် ၊ ဆက်သွားတယ်
အဲ့လိုလူတွေ ။
Early Game အစပိုင်းမှာ
လူ ၁ နဲ့ လူ ၂ က အရမ်းသက်သာပါတယ် ။
ဘာဖြစ်နေမှန်းကို မသိတဲ့သူနဲ့ သူများကို အားရပါးရ
ထိုးနှက်ရတဲ့သူနဲ့ ။
လူ ၃ ကတော့ တော်တော် ပင်ပန်းပါတယ် ။
လူ ၂ ရဲ့ ဂြိုလ်ဆိုး မ၀င်ခင်ကို
ကိုယ့်ရဲ့ ကိုယ်ပိုင် သံသယ self-doubts တွေ ၊
ကိုယ့်ကိုကိုယ် ကောင်းမွန်တဲ့ အရာတွေနဲ့
မထိုက်တန်ဘူးလို့ ခံစားရတဲ့ Imposter syndrome တွေ
နဲ့ အရင် ကျော်ဖြတ် နဗမ်းလုံးရပါတယ် ။
Mid Game အလယ်ပိုင်းမှာ
လူ ၁ က စပြီး သတိထားမိလာပါတယ် ။
ဘယ်သူတွေ ဘာလုပ်နေလဲ ၊ လောကကြီးနဲ့
ငါ့အခြေအနေ ဘာဖြစ်နေလဲ ဘယ်နေရာရောက်နေလဲ
ဆိုတာ သတိပြုမိလာပါတယ် ။
သူ့မှာ ရွေးချယ်စရာ ရှိလာပါပြီ ။
Late Game မှာ လူ ၂ လုပ်ရမလား ၊ လူ ၃ လုပ်ရမလား ဆိုတာပါ ။
Mid Game က လူ ၂ ရဲ့ အပျော်ဆုံးအချိန်ပါ ၊
ဘာလို့ဆို အခုချိန်က လူ၃အတွက် အမှားများပြီး
အလျော်အစားကြီးချိန် ဖြစ်တော့ သူ့ရဲ့ထိုးနှက်ချက်တိုင်းက အလုပ်ဖြစ်ပါတယ် ၊ သူများကို အထိနာစေလို့ သူ အရမ်း ကျေနပ်ပါတယ် ။
လူ ၃ အတွက်တော့ Mid Game ကအခက်ခဲဆုံးအချိန်ပါ ၊
အောင်မြင်မှု သေးသေးလေး စရလာချိန် ၊
လူတွေ စအသိအမှတ်ပြုလာချိန်မှာ အနွှာခံရတာ
အများဆုံးဆိုတော့ လူ၃ အနေနဲ့ တော်တော် အထိနာပါတယ် ။
ဒီမှာ လူ ၃ အနေနဲ့ အရှုံးပေးလိုက်မလား ၊
ဆက်သွားမလားပဲ ရွေးစရာရှိပါတော့တယ် ။
Late Game နောက်ဆုံးပိုင်းမှာ
အကယ်၍ လူ ၁ က သူရွေးချယ်လိုက်တဲ့ လူ နံပတ်
အတိုင်း စပြီး သွားပါမယ် ။
နည်းနည်းလေး နောက်ကျပေမယ့် အနောက်ကျဆုံးတော့
မဟုတ်ပါဘူး ။
လူ ၂ အတွက်က Late Game က ခက်ခဲပါပြီ ။
သူ ခြောက်နှစ် ၊ ဆယ်နှစ်လောက် လူတွေကို
ဝုန်းလာခဲ့ပြီး အခု သူ့ဘ၀က သူ့ကို စဝုန်းပါပြီ ။
သူ့ဘေးက ကလေးတွေ ၊ သူ့အိမ်ထောင်ဖက် ၊
သူ့ခန္ဓာကိုယ်၊ သူ့ကျန်းမာရေး ၊ သူ၀င်ငွေ ၊ သူ့အသိုက်အဝိုင်း ၊ သူ့အနာဂတ် ၊ သူ့ကလေးတွေရဲ့ အနာဂတ်က သူ့ကို စပြီး မေးခွန်းထုတ်ပါပြီ ၊
"ခင်ဗျား လွန်ခဲ့တဲ့ ရှစ်နှစ် ၊ ဆယ်နှစ်တွေက
ဘာလုပ်ခဲ့လဲ ၊
ဘာတွေ ထွန်းထွန်းပေါက်ပေါက် ဖြစ်ခဲ့လဲ"
"ခင်ဗျား မရှက်ဖူးလား" ဆိုတဲ့ မေးခွန်းတွေ
စမေးပါပြီ ။
ဒီအချိန် သူ ဒါကို တကယ် လက်ခံလိုက်ပြီး
စကြိုးစားမလား ၊
သိမ်ငယ်စိတ်ကို ကာချင်တာနဲ့
ကိုယ့်သားသမီးတွေနဲ့ ကိုယ့်အိမ်ထောင်ဖက်ကို
ပတ်ရမ်း ၊ ပတ်ဆဲတဲ့ဖခင် ၊ ခင်ပွန်းတစ်ယောက် ဖြစ်လာမလား ဆိုတဲ့ ရွေးချယ်မှု လုပ်ရပါပြီ ။
လူ ၃ အနေနဲ့ Mid Game မှာ အရှုံးမပေးခဲ့ပဲ
ရသမျှ အားနဲ့ ဆက်ကြုံးခဲ့မယ်ဆိုရင်
Late Game က သူ့အတွက်ချည်းပါပဲ ။
သူ ပညာတွေ စုံလာပြီ ၊ တကယ့်ပြောင်မြောက်တဲ့
အရည်အချင်းတွေ ရှိလာပြီ ၊
စည်းကမ်းရှိခဲ့တော့ ကျန်းမာရေးကလည်း ဒေါင်ဒေါင်မြည် ၊ ၀င်ငွေတွေကလည်း တောင့်တင်း ၊ သူ့ဘေးကလူတွေ ၊ သူ့အိမ်ထောင်ဖက် ၊ သူ့သားသမီးတွေက
လေးစားရတဲ့ လူတစ်ယောက်အဖြစ် ရပ်တည်သွားဖို့
ခိုင်လုံသွားပါပြီ ။
ငွေနဲ့ ပတ်သက်ပြီး ပူနေစရာ သိပ်မလိုတော့ပဲ
သူများတွေကိုပါ ကူညီ ဖေးမပေးနိုင်တဲ့ အခြေအနေကို
ရောက်လာပါပြီ ။
ကျော်ဖြတ်ခဲ့တဲ့ နောက်ကို ပြန်ကြည့်လိုက်ရင်လည်း
ဂုဏ်ယူစရာ ၊ စိတ်၀င်စားစရာကောင်းတဲ့ stories တွေ
ပြန်ပြောဖို့ အများကြီး ရှိပါတယ် ။
ဒါကြောင့် ကျနော် ပြောချင်တာက
လူတွေကို လူ၃ ဖြစ်လာဖို့ တိုက်တွန်းချင်ပါတယ် ၊
နှစ်အနည်းငယ် အနာခံလိုက်ပါ ၊
ဒူပေ ဒါပေခံလိုက်ပါ ၊ စည်းကမ်းရှိလိုက်ပါ ၊
အသားကုန် ကြိုးစားလိုက်ပါ ။
နောင်လာမယ့် အနာဂတ် late game တွေမှာ အိုကေ
စိုပြေသွားပါလိမ့်မယ် ။
ဒီစာ အဆုံးထိဖတ်ပြီး ကိုယ့်ကိုကိုယ်
ဘယ်နားရောက်နေတယ် ထင်မိလဲ ၊
Early Game, Mid Game, Late Game??
လူ၁ လား ၊ လူ ၂လား ၊ လူ ၃လား ??
pika sharing